သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန်၊ နော်ဝေးနဲ့စပိန် ပါလက်စတိုင်းကို နိုင်ငံအသိအမှတ်ပြု


ပါလက်စတိုင်းနိုင်ငံအလံ
ပါလက်စတိုင်းနိုင်ငံအလံ

ပါလက်စတိုင်းကို နိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် အသိအမှတ်ပြုကြောင်း ကြေညာခဲ့တဲ့ အိုင်ယာလန်၊ နော်ဝေးနဲ့စပိန်နိုင်ငံတွေကို ရှုတ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဗုဒ္ဓဟူးနေ့က ပြောပြီး ဒီလုပ်ရပ်ဟာ ဟာမတ်စ်အဖွဲ့အပေါ် “အကြမ်းဖက်မှုဆု” ချီးမြှင့်တာပဲလို့ ဝေဖန်လိုက်ပါတယ်။

ပါလက်စတိုင်းနိုင်ငံဟာ အကြမ်းဖက်နိုင်ငံဖြစ်လာလိမ့်မယ်လို့ သူက စွပ်စွဲပါတယ်။ အောက်တိုဘာ ၇ ရက် ဖြစ်စဥ်လို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ထပ်ခါထပ်ခါလုပ်ဖို့ ကြိုးစားမှာဖြစ်ပြီး ဒါကို အစ္စရေးအနေနဲ့ လက်ခံနိုင်မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။ အိုင်ယာလန်၊ နော်ဝေးနဲ့ စပိန်နိုင်ငံတွေက ဂါဇာကမ်းမြောင်မှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲကိုညွှန်းဆိုပြီး ဒေသတွင်း ထာဝရငြိမ်းချမ်းရေးအတွက် နှစ်ပြည်ထောင်မူဝါဒနဲ့အဖြေရှာဖို့လိုအပ်ကြောင်းနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။

ပါလက်စတိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ရီယာ့ဒ် မန်ဆော (Riyad Mansour) က “ဒါဟာ အံ့သြစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ” လို့ ပြောပြီး ဒီဥရောပနိုင်ငံတွေရဲ့လှိုင်းအတိုင်း တခြားလှိုင်းတွေနောက်က လိုက်လာဖို့ မျှော်လင့်တယ်” လို့ ဆိုပါတယ်။

ဝါရှင်တန်က အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ "နှစ်ပြည်ထောင်မူဝါဒကို ခိုင်ခိုင်မာမာနဲ့ ထောက်ခံနေသူဖြစ်ပြီး သူ့ ရာထူးသက်တမ်းတလျှောက် ဒီအတိုင်းဆက်လက် ရပ်တည်မယ်" လို့ ပြောပါတယ်။ ဒါပေမယ့် ဘိုင်ဒန်အနေနဲ့ ဒီမူဝါဒကို တဘက်သတ် အသိအမှတ်ပြုတာမျိုးမဟုတ်ဘဲ သက်ဆိုင်တဲ့နှစ်နိုင်ငံကြား တိုက်ရိုက်ညှိနှိုင်းမှုတွေကတဆင့်သာ ပါလက်စတိုင်းနိုင်ငံကို အကောင်အထည်ဖော်ဖို့ ယုံကြည်ကြောင်း ပြောပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ကတော့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့ ဥရောပ နိုင်ငံ (၃) နိုင်ငံလုံးကနေ အစ္စရေးသံတမန်တွေကို ပြန်လည်ခေါ်ယူမှာဖြစ်ကြောင်း ချက်ချင်းကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

"စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်တို့က ဟာမတ်စ် လူသတ်သမားတွေနဲ့ မုဒိမ်းသမားတွေကို ရွှေတံဆိပ်ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာကို သမိုင်းကမှတ်မိနေမှာပါ" လို့လည်း ကက်ဇ်က ပြောပါတယ်။ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ ဟာမတ်စ်နဲ့အီရန်အတွက် ဆုလာဘ်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်က ဟာမတ်စ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် “မတရားမှု” လို့ သူက ဆိုပါတယ်။ “အချုပ်အခြာအာဏာကို ထိခိုက်စေပြီး လုံခြုံရေးကို အန္တရာယ်ဖြစ်စေသူတွေကို ရင်ဆိုင်ရာမှာ အစ္စရေးဘက်က နှုတ်ဆိတ်နေမှာမဟုတ်ဘူး” လို့လည်း ကက်ဇ်က သတိပေးပါတယ်။

ပါလက်စတိုင်းနိုင်ငံအဖြစ်လက်ခံကြောင်း ကြေညာခဲ့တဲ့တနိုင်ငံဖြစ်တဲ့ နော်ဝေဝန်ကြီးချုပ် ဂျိုးနပ်စ်ဂါ့စ်စတိုး (Jonas Gahr Støre) ကတော့ ပါလက်စတိုင်း ပုစ္ဆာကို ဖြေရှင်းရာမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရရှိစေဖို့က အရေးကြီးကြောင်း ဂါဇာစစ်ပွဲက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြသနေတယ်လို့ ပြောပါတယ်။ “စစ်ပွဲက ကာလရှည်ကြာ ဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ အဆိုးရွားဆုံးအခြေအနေကိုပြသနေပြီး အရှေ့အလယ်ပိုင်းက အခြေအနေဟာ နှစ်ကာလ အပိုင်းအခြားတခုအတွင်းမှာ အခုလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်ပျက်တာမျိုး မရှိခဲ့ဘူး” လို့ သူက ပြောပါတယ်။

အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟယ်ရစ် (Simon Harris) က တော့ အိုင်ယာလန်ရဲ့အတိတ်သမိုင်းအရ တခြားနိုင်ငံတွေရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်ခွင့်ကို အသိအမှတ်ပြုဖို့ အရေးကြီးပုံကို ထောက်ပြခဲ့သလို တဘက်မှာလည်း အစ္စရေး အနေနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိခွင့်ရရှိရေးအတွက်လည်း အိုင်ယာလန်က ပြတ်ပြတ်သားသား ထောက်ခံ အသိအမှတ်ပြုကြောင်း ပြောပါတယ်။ ဒါ့အပြင် ဂါဇာမှာ ဟာမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့ ဟယ်ရစ်က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG