သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ တင်းကြပ်တဲ့ဥပဒေသစ်ကြောင့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး အခက်ကြုံ


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးချုပ် (အောက်တိုဘာ ၂၇၊ ၂၀၁၅)
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးချုပ် (အောက်တိုဘာ ၂၇၊ ၂၀၁၅)

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ ပါတီတွေ ရုန်းကန်နေရသလို၊ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရှင်သန် ရပ်တည်ရေးအတွက်ပါ ခက်ခဲလာပါတယ်။ ဥပဒေသစ်အရ နိုင်ငံရေးပါတီအားလုံးပြန်ပြီး မှတ်ပုံတင်လျှောက်ထားဖို့ ရွေးကောက်ပွဲကော်မရှင်က အချိန် နှစ်လပေးထားပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အလိမ္မာက ပြောပြမှာပါ။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ထုတ်ပြန်ပြီး နောက် ဥပဒေသစ်အရ ပါတီမှတ်ပုံတင်လျှောက်ထားဖို့ ကော်မရှင်က ဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ နိုင်ငံရေးပါတီထူထောင်ဖို့ လျှောက်ထားတဲ့ပါတီ လေးခုအထိ ရှိလာတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ဥပဒေသစ်အရ မှတ်ပုံတင်ဖို့ အချိန် ၂လပေးထားပေမယ့် ပါတီ ၉၀ကျော်မှာ ပါတီ ၄ခုသာ မှတ်ပုံတင်နိုင်သေးတာဖြစ်ပါတယ်။ တင်းကြပ်မှုတွေများလာတဲ့ ဥပဒေသစ်အရ ပါတီမှတ်ပုံတင်နိုင်ဖို့ ပါတီတွေရုန်းကန်နေကြ ရသလို ပါတီရပ်တည်ရေးအတွက်ပါအခက်အခဲဖြစ်နေတယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဦးဇေယျက ပြောပါတယ်။

"လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရဆိုရင် နိုင်ငံရေးစစ်ရေးစီးပွားရေးလူမှုရေး အထွေထွေအကျပ်အတည်း တွေနဲ့ချွတ်ခြုံကျနေတဲ့အနေအထားမှာ ရွေးကောက်ပွဲတခုကျင်းပမယ်ဆိုရင်လဲ ရွေးကောက်ပွဲတခု အတွက်ပြင် ဆင်ဖို့လိုသလို နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဟာအရမ်းခက်ခဲကျပ်တည်း နေတယ်။ ငွေကြေးကန့်သတ်ချက် တွေ စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်တွေက အရမ်းလေးလံကြီးလွန်းတဲ့အခြေအနေဖြစ်နေတယ်။ နိုင်ငံရေး ပါတီ ရပ်တည်ခွင့်ကိုထိခိုက်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ ကျနော်မြင်တယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရင်းနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်တည့်မတ်နိုင်ဖို့ အကောင်းဆုံးကြိုးစားပြင်ဆင်နေပါ တယ်။ ဒီဥပဒေနည်းဥပဒေကန့်သတ်ချက်တွေအရ ကျနော်တို့ အခက်အခဲတွေရှိခဲ့မယ်ဆိုရင်တော့ ပါတီရပ်တည် ရေးပြန်စဉ်းစားရမယ့်အခြေအနေရှိနေပါတယ်။"

ပါတီမှတ်ပုံတင်ရေးမတင်ရေးနဲ့ပတ်သတ်လို့ ပါတီတွင်းတိကျတဲ့ အဖြေရလဒ်မထွက်သေးပေမယ့် နိုင်ငံရေးပါတီတခုအနေ နဲ့ဆက်လက်ရပ်တည်နိုင်ဖို့အတွက်တောင် အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ ပြည်သူ့ပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျော်လင်းက ပြောပါတယ်။

"အခုဟာက နံပါတ် ၁က မှတ်ပုံတင်ရယ် နည်းဥပဒေရယ်ထွက်သွားပြီပေါ့ တရားဝင်ထွက်သွားပြီ ထွက်သွား တော့ ဒါနဲ့ပတ်သတ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက မကျေနပ်ဘူးပေါ့။ မကြိုက်ကြပါဘူး။ သို့သော်ထဥပဒေနဲ့ နည်းဥပဒေ ထွက်ပြီးပြီဆိုတော့ ပြင်ဆင်လို့မရဘူး။ ကွန်ပလိန်းတက်လို့မရတော့ဘူး။ ဖြစ်နေတာပေါ့ဒါတော့ အရှိတရားပါ။ အဲလိုဖြစ်နေချိန်ကျနော်တို့အနေနဲ့လည်း နိုင်ငံရေးပါတီဆိုတော့ဗျာ နိုင်ငံရေးဘောင်ထဲက ဘာတွေ ဆက်လုပ်လို့ရမလဲ စဉ်းစားနေရပါတယ်။ အရမ်းအခက်အခဲတော့ရှိပါတယ်။ ပါတီရပ်တည်ရေးရှင်သန်ရေးကို အဓိက ဦးစားပေးစဉ်းစားဆောင်ရွက်နေပါတယ်။"

ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ထားချက်အရ ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပထမဆုံးလျှောက်တဲ့ပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်။ သူ့နောက်မှာတော့ ဖက်ဒရယ် ဒီမိုကရက်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ စတဲ့ပါတီတို့ ပါတီမှတ် ပုံတင်ဥပဒေလာရောက်လျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ ဥပဒေအသစ်အရ ပါတီတွေမှတ်ပုံတင်လျှောက်ထားတဲ့အခါ ပြည်ထောင်စု တဝန်းလုံးမှာစည်းရုံးမယ့်ပါတီနဲ့ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီတွေ ဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။

ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ ကော်မရှင်ကနိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်လူတသိန်းစည်းရုံးရမှာဖြစ်ပြီး တိုင်းဒေသ ကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံးတထောင် စုစည်းရမှာပါ။ ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးမယ့်ပါတီတွေဟာ ပါတီရန်ပုံငွေကျပ်သိန်းတစ်ထောင်ကို မြန်မာ့စီးပွားရေးဘဏ်မှာငွေစာရင်းဖွင့်ရမှာဖြစ်ပြီးတိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်တဲ့ ပါတီတွေကတော့ ငွေကျပ်သိန်းတစ်ရာ ဖွင့်ရမှာပါ။

တိုင်းရင်းသားပါတီတခုဖြစ် မွန်ညီညွတ်ရေးပါတီကတော့ ပါတီမှတ်ပုံတင်ဖို့ဆောင်ရွက်ထားပေမယ့် ဒီဥပဒေကြောင့်တိုင်းရင်းသားပါတီတွေ အတော်လေးခက်ခဲစေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ဗွီအိုအေကိုခုလိုပြောပြလာပါတယ်။

"တိုင်းရင်းသားပါတီတွေအတွက်အခက်အခဲက ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့ဝင်ပြိုင်လို့ရတယ်။ အခုပါတီအသစ်ဥပဒေကျတော့ နိုင်ငံတဝန်းလုံးပြိုင်လို့မရတော့ဘူး အခွင့်အရေး မရှိတော့ဘူး။ မဲဆန္ဒနယ်တဝက်မှာ ဝင်ပြိုင်ရမယ်။ နောက်တခု မြို့နယ်တွေ တဝက်ကျော်မှာရုံးဖွင့်ရမယ် တိုင်းရင်းသားပါတီတွေအတွက် တော်တော်လေးအခက်အခဲဖြစ်တယ်။ အဲဒါလေးတခုတော့တော်တော်လေး မကောင်းဘူးပေါ့"

လက်ရှိထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သတ်လို့ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ HRW ကတော့ မြန်မာစစ်ကောင်စီက အတည်ပြုပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေဟာ အတိုက်အခံနိုင်ငံရေးပါတီတွေကို နှိပ်ကွပ်မှုဖြစ်ပြီး၊ ဒီဥပဒေအတိုင်းဆိုရင် နိုင်ငံရေးပါတီတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိတာ နောက်ပြီး အဲဒီ ဥပဒေသစ်အရဆို ထောင်ဒဏ်ချမှတ်ခံရသူတွေ နိုင်ငံရေးပါတီမှာ ပါဝင်ခွင့်မရှိတဲ့အတွက်၊ အဓိက နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို မြန်မာ့နိုင်ငံရေးထဲ ဝင်မရအောင် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ HRW က ဝေဖန် ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]













ဆက်စပ်သတင်းများ ...

XS
SM
MD
LG