သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Paul Manafort အမှုကိစ္စ သမ္မတ Trump စိတ်မသက်မသာရှိနေ


အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort အပေါ် ရာဇဝတ်ကြောင်းနဲ့ အပြစ်ရှိကြောင်း ပြည်ထောင်စုတရားရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် စိတ်မချမ်းမသာ ဖြစ်နေပါတယ်။

သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း Manafort ကတော့ ငွေကြေးမသမာမှုတွေနဲ့ ဆက်နွယ်တဲ့ အမှု ၈ မှုအတွက် အပြစ်ရှိကြောင်း ခုံသမာဓိအဖွဲ့က မနေ့တုန်းကပဲ ဆုံးဖြတ်ထားတဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

သမ္မတ Trump ကတော့ အလွန်အမင်း ဝမ်းနည်းစရာ ဖြစ်ရပ်အဖြစ် မနေ့တုန်းက West Virginia ပြည်နယ်က လေဆိပ်မှာ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ်က တရားခွင်မှာ ရင်ဆိုင်ခဲ့ရတဲ့ အမှုတွေထဲက နောက်ထပ် ၁၀ မှုအပေါ်မှာတော့ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်ခဲ့ကြပြီး၊ တရားသူကြီးကလည်း အမှုမမြောက်ကြောင်း ကြေညာခဲ့တာပါ။ Charleston မြို့မှာ သမ္မတ Trump မိန့်ခွန်းမပြောခင် သတင်းထောက်တွေကို မှတ်ချက်ပေးရာမှာတော့ စစ်ဆေးအရေးယူမှုတွေဟာ ရုရှားနဲ့ သူ့ရဲ့စည်းရုံးရေး အဖွဲ့တို့ကြား ပတ်သက်မှုရှိမရှိ စုံစမ်းမှုတွေက စခဲ့တာဖြစ်ပေမဲ့ အခုအမှုတွေဟာ အဓိကစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်မှုမရှိသလို၊ သူ့ရဲ့စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု တစုံတရာ တွေ့ရှိထားတာ မရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်း West Virginia ပြည်နယ်မှာ မိန့်ခွန်းပြောရာမှာလည်း သတင်းအတုအယောင်တွေနဲ့ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံရေးအရ အောက်လမ်းနည်းနဲ့ တိုက်ခိုက်မှုတွေအဖြစ် ထပ်မံပြောဆိုခဲ့တာပါ။

မနေ့က တချိန်တည်းမှာပဲ သမ္မတရဲ့ ကိုယ်ပိုင်ရှေ့နေတဦးဖြစ်တဲ့ Michael Cohen ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတဦးရဲ့ ညွှန်ကြားချက်နဲ့ ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးဖို့ ရည်ရွယ်ပြီး၊ အမျိုးသမီး ၂ ဦးကို နှုတ်ပိတ်ခ ငွေကြေးပေးခဲ့တာ အပါအဝင် အမှုတော်တော်များများအတွက် အပြစ်ရှိကြောင်းဝန်ခံလိုက်တဲ့အတွက် သမ္မတ Trump အတွက် အထိနာစရာလည်း ဖြစ်ခဲ့ပါတယ်။

Paul Manafort အမှုကိစ္စ သမ္မတ Trump စိတ်မသက်မသာရှိနေ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG