သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစွက်ဖက်မှုအထူးစုံစမ်းရေးမှူးက သမ္မတထရမ့်ကို တွေ့ဆုံမေးမြန်းဖို့ စိတ်ဝင်စား


 ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲဟောင်း Robert Mueller
ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲဟောင်း Robert Mueller

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ကြားဝင်နှောင့်ယှက် ခဲ့မှုကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူးက သမ္မတ Donald Trump နဲ့ တွေ့ဆုံမေးမြန်းခွင့် အလားအလာနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့့နဲ့ ဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်တို့ ပြီးခဲ့တဲ့ လက တွေ့ဆုံခဲ့ကြပြီး ဒီကိစ္စနဲ့ နီးစပ်သူတွေ အဆိုအရတော့ ဖြစ်နိုင်ခြေရှိတဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ ပတ်သက်ပြီး အတိအကျ ဘာမှ မရှိသေးဘူးလို့ ပြောပါတယ်။ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲဟောင်း Robert Mueller ရဲ့ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်တဲ့ စုံစမ်းစစ်ဆေးမှု အတွင်း အခုအချိန်ထိ လူပုဂ္ဂိုလ် ၄ ဦးကို စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။

ဒီထဲမှာ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသူ Paul Manafort နဲ့ သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn တို့လည်း ပါဝင်ပါတယ်။ FBI ညွှန်ကြားရေးမှူးဟောင်း James Comey ကို ရာထူးက ထုတ်လိုက်ပြီး FBI ရဲ့ လုပ်ငန်းတာဝန်တွေကို သမ္မတ Trump က ပိတ်ပင်ဟန့်တားဖို့ ကြိုးစားခဲ့သလားဆိုတာကိုလည်း စုံစမ်းရေးမှူုးတွေက ရှာဖွေကြမှာပါ။

အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ရှေ့နေ Ty Cobb က မှတ်ချက် မပေးပေမယ့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အထိနာစေပြီး Trump ကို ကူညီနိုင်ဖို့ အတွက် ရုရှားတို့က အမေရိကန် ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး လှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ပြီးခဲ့တဲ့နှစ်က ကောက်ချက်ချထားတာပါ။ သမ္မတ Trump ကတော့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက်ဆက်နွယ်မှုတွေကို အကြိမ်ကြိမ် ငြင်းဆိုထားပြီး ပြီးခဲ့တဲ့ စနေနေ့ကတော့ ပေါင်းကြံခဲ့တာလည်း မရှိဘူး ရာဇဝတ်မှု ကျူးလွန်ခဲ့တာလည်း မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG