စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ PDF အဖွဲ့တွေကြား တိုက်ခိုက်မှုတွေဖြစ်ပွား
{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း အရာတော်မြို့နဲ့ မြင်းမူမြို့ကြား စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အရာတော်မြို့ ကန်ရင်းကျေးရွာနားမှာရှိတဲ့ ဒေသခံကာကွယ်ရေး အဖွဲ့စခန်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး အပြန်မှာ တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နဲ့ ၁၆ မိုင်ဝေးတဲ့ ကန်ရင်းကျေးရွာနားက ဒေသခံ ကာကွယ်ရေး အဖွဲ့ စခန်းတွေကို စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်နဲ့ အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းပြီး အပြန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဒေသခံကာကွယ်ရေး အဖွဲ့တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။ အရာတော်နဲ့ မြင်းမူမြို့ကြားမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း အရာတော် PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“စစ်ကောင်စီဘက်က မနက် ၄ နာရီလောက်ကနေစပြီးတော့ ကန်ရင်း မလဲသာရွာကို ဝင်လာတာပေါ့။ ကန်ရင်း မလဲသာရွာကိုဝင်လာပြီး ကျွန်တော်တို့ စခန်းတခုမှာ PDF စခန်းတခုကို ဝင်ပြီးတိုက်ခိုက်တာပေါ့။ ပစ္စည်းတွေကတော့ ဆုံးရှုံးမှုတော့ ရှိတာပေါ့နော်။ ပစ္စည်းလက်နက်တွေ တူမီးတွေ မိုင်းဆွဲဖို့အတွက် မိုင်းပစ္စည်းတွေ ဆုံးရှုံးသွားတာပေါ့။ စခန်းကို စသိမ်းတော့ ပြန်လှန် ပစ်ခတ်မှုမရှိဘူး။ သူတို့သိမ်းပြီးတော့ ပြန်သွားတော့ ပြန်လှန်ပစ်ခတ်မှု်တွေတော့ရှိတယ်။ ပထမ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ အောင်မြင်တာပေါ့နော်။ စစ်ကောင်စီဘက်က ၁၀ ဦးလောက် ဒဏ်ရာရတယ်ပေါ့။ အကျဆုံးစာရင်းကတော့ အတိကျမသိဘူး။ နောက်တပွိုင့်ကျတော့ နောက်တပွိုင့်လည်း မိုင်းခွဲတိုက်ခိုက်ခံရတာပဲ။ စစ်ကိုင်းဘက်ကို အပြန်မှာ စခန်းတခုကိုသိမ်းပြီး မီးရှို့ဖျက်ဆီးပြီး သူတို့အပြန်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။”
ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့မရသလို၊ စစ်ကောင်စီဖက်ကလည်း လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့အပိုင်ထဲက ကန်ရင်း မလဲသာ ညောင်ပင် ကံသုံးဆင့် စတဲ့ရွာတွေကိုပါ ဝင်ရောက်ရှာဖွေတာတွေ၊ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေ၊ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ယူဆောင်တာတွေ ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ်နဲ့ တိမ်းရှောင်နေရတယ်လို့လည်း PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာပဲ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးမှာ အောက်တိုဘာ ၂၁ ရက် ညပိုင်းကလည်း ဒေသခံ PDF တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဘန့်ဘွေးရွာပေါ့နော်။ ပျူစောထီးရွာပေါ့နော်။ ပျူစောထီးရွာကို ဒလန်အိမ်ဆိုပြီး ပြည်သူတွေက ဝိုင်းတာ။ အဲ့ဒါမှာလွတ်သွားတာ လွတ်သွားတော့ ဒလန်ကသွားပြီး တပ်ကိုသွားခေါ်တာ။ စစ်တပ်သွားခေါ်တော့ ကြားထဲကနေ PDF က မိုင်းဆွဲတိုက်ခိုက်တာ။ အဲ့ဒါက ဘန့်ဘွေးရွာထိပ် ဘန့်ဘွေးရွာနဲ့ လက်ပံရွာထိပ်မှာ မိုင်းနဲ့ တိုက်ခံလိုက်ရတာ။ ထိခိုက်ဒဏ်ရာရ သေဆုံးမှုက ၅ ယောက်သေတယ်။ ၈ ယောက်ဒဏ်ရာရတယ်။”
စစ်ကိုင်းတိုင်း ယင်းမာပင် ပုလဲနယ်တွေမှာ စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိပြီး အောက်တိုဘာ ၁၁ ရက်ကလည်း ယင်းမာပင်နယ်နဲ့ ပုလဲနယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃၀ ကျဆုံးခဲ့တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ မော်တော်ယာဉ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့သာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဗွီအိုအေ က မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
....................................................
{{Unicode}}