ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းလုပ်နေသူလို့ သံယယရှိသူ ၁၀၀ ဝန်းကျင်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ မနီလာမြို့တော်က စီးပွားရေးအချက်အချာကျတဲ့ Makati အရပ်မှာ အွန်လိုင်းဂိမ်းလုပ်ငန်းလိုအသွင်ဆောင်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကို ရာဇဝတ်ဂိုဏ်း တိုက်ဖျက်ရေးကော်မရှင် PAOCC နဲ့ ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးဗျူရိုက တပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ ဖိလစ်ပိုင်လူမျိုးတွေ ဖြစ်ကြပြီး သူတို့ဟာ TikTok အပါအဝင် လူမှု ကွန်ရက်တွေပေါ်ကနေ အပေါင်ပစ္စည်းမယူဘဲ ဒေါ်လာ ၄၀၀ ကျော်အထိ ငွေချေးနိုင်မယ်ဆိုပြီး အွန်လိုင်းမှာ ငွေလိမ်ညာနေကြသူတွေဖြစ်တယ်လို့ ရဲက ပြောပါတယ်။ PAOCC ညွန်ကြားရေးမှူး Gilberto Cruz က ဒီဝင်စီးတဲ့နေရာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အလိမ်အညာမိပြီး ငွေချေးမိသူတွေဟာ တပတ်ကို အတိုး ၃၅ ရာခိုင်နှုန်းအထိပေးနေရပြီး မပေးနိုင်သူတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို အွန်လိုင်းမှာ ဖြန့်မယ်၊ အရှက်ခွဲမယ် ဆိုပြီး ခြိမ်းခြောက်ခံရတယ်လို့ PAOCC ညွန်ကြားရေးမှူး Gilberto Cruz ကသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် တချို့တွေ စိတ်ကျန်းမာရေးထိခိုက်ပြီး စိတ်ကျရောဂါဖြစ်တာ၊ တချို့ကို ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေအထိ ရှိတယ်လို့လည်း သူက ပြောပြသွားခဲ့ပါတယ်။
Forum