သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီလစ်ပိုင်မှာ ဒီဂျစ်တယ်ငွေ သုံးစွဲမှုတွင်ကျယ်


Ripple၊ Bitcoin၊ Etherum နဲ့ Litecoin (ဖေဖော်ဝါရီ၊ ၁၃၊ ၂၀၁၈)
Ripple၊ Bitcoin၊ Etherum နဲ့ Litecoin (ဖေဖော်ဝါရီ၊ ၁၃၊ ၂၀၁၈)

တကယ့် ငွေစက္ကူမဟုတ်ဘဲ အင်တာနက်အွန်လိုင်းမှာပဲ သုံးစွဲလို့ရတဲ့ ဒစ်ဂျစ်တယ်လ် ငွေကြေးစနစ်ကို Digital Currency ဒါမှမဟုတ် Cryptocurrency လို့ခေါ်ပါတယ်။ ဒီငွေကြေးစနစ်က ဖိလစ်ပိုင်နိုင်ငံမှာ အခုခေတ်စားနေပါပြီ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဒီငွေကြေးဈေးကွက် အထိနာကျဆင်းခဲ့တယ်ဆိုပေမဲ့လည်း ဖိလစ်ပိုင်မှာတော့ လူကြိုက်များပြီး ဝယ်လို အားတွေတိုးနေတဲ့အကြောင်း Ralph Jennings ရဲ့ သတင်းကို ကိုကျော်အောင်လွင်ဆက်ပြောပါလိမ့်မယ်။

ဖိလစ်ပိုင်နိုင်ငံမှာ Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်လ် ငွေကြေးအရောင်းအဝယ်လုပ်ငန်းတွေ ခပ်မြန်မြန် ထွန်းကားလာနေပါတယ်။ ဒစ်ဂျစ်တယ်လ် ငွေလွှဲလုပ်ငန်း ၃ ခုရှိခဲ့ပြီးနောက်ပိုင်း နောက်ထပ်ငွေလွှဲလုပ်ငန်း အနည်းဆုံး ၂၉ ခုကို အာဏာပိုင် တွေက အခုတပတ်ထဲမှာပဲ လုပ်ခွင့်ပေးခဲ့တယ်လို့ ဖိလစ်ပိုင်ဗဟိုဘဏ်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဖိလစ်ပိုင်ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒီငွေလွှဲလုပ်ငန်းအရေအတွက်က အာရှအနေနဲ့ တော်တော်များတယ်လို့ ဆိုရမှာပါ။ ဗဟိုဘဏ်က ဒစ်ဂျစ်တယ်လ် ငွေလွှဲလုပ်ငန်းစုစုပေါင်း ဆယ်ခုလုပ်ခွင့်ချပေးပြီး Cagayan စီးပွါးရေးဇုန်ရဲ့ အာဏာပိုင်တွေက နောက်ထပ် ဒစ်ဂျစ်တယ်လ် ငွေလွှဲလုပ်ငန်း ၁၉ ခုကို ထပ်ချပေးခဲ့တာပါ။ အခုလို ဒစ်ဂျစ်တလ်ငွေကြေးလုပ်ငန်းတွေ ခပ်မြန်မြန် ထွန်းကားလာတာဟာ ဘဏ္ဍာရေးနဲ့ ဆိုင်တဲ့နည်းပညာတွေကို ဖိလစ်ပိုင်နိုင်ငံမှာ ခပ်မြန်မြန် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့ သဘောပါပဲလို့ မြို့တော်မနီလာမှာရှိတဲ့ Banco de Oro UniBank ဘဏ်က ဈေးကွက်မဟာဗျူဟာဆိုင်ရာ အကြီး အကဲ Jonathan Ravelas ကပြောပါတယ်။

"ဖိလစ်ပိုင်မှာ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာတွေ တော်တော်လေး ခေတ်ရှေ့ပြေးပြီး ထွန်းကားလာနေတဲ့ သဘောပါပဲ။ ငွေစက္ကူတွေလို သယ်ဆောင်သွားရတာမျိုးမဟုတ်ဘဲ အင်တာနက်ရှိရင် ငွေသုံးလို့ရတာကြောင့် ဒစ်ဂျစ်တယ်လ် ငွေကြေးသုံးစွဲသူတွေအတွက် အချိန်မရွေး၊ နေရာမရွေး သိပ်ပြီး အဆင်ပြေပါတယ်။"

ကျပ်တို့ ဒေါ်လာတို့လိုပဲ Cryptocurrency လို့ခေါ်တဲ့ Digital ငွေကြေးစနစ်မှာလည်း ငွေနာမည်တွေ အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲမှာ အစောဆုံးနဲ့ နာမည်အကြီးဆုံးကတော့ Bitcoin ပါပဲ။ လူတော်တော်များများကလည်း Bitcoin တွေကိုရင်းနှီး မြှုပ်နှံတဲ့အနေနဲ့ ဝယ်ပြီး စုဆောင်းကြပါတယ်။ ဒါပေမဲ့လည်း Bitcoin ဈေးတွေက ပြီးခဲ့တဲ့နှစ်တုန်းက ၇၀ ရာခိုင်နှုန်းထိုးကျသွားခဲ့လို့ ဒစ်ဂျစ်တယ်လ်ငွေကြေးလောက တော်တော်အားနည်းသွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသားတွေက အစဉ်အလာအားဖြင့်ဆိုရင် ဘဏ်မှာငွေနဲ့ တခြားပိုင်ဆိုင်မှုတွေကို စုဆောင်းကြတာများပါ တယ်။ ဒါပေမဲ့လည်း ဖိလစ်ပိုင် ၁၀ဦးမှာ ၇ဦးက ဘဏ်စာရင်းမရှိကြပါဘူး။ အဲဒါကြောင့် အခုနောက်ပိုင်း အသစ်ပေါ်ပေါက် ကုမ္ပဏီတွေက ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ်ကို စောင်းပေးလာကြပါတယ်။ ဒစ်ဂျစ်တလ်ငွေကြေးစနစ်က ဘဏ်စာရင်းရှိစရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့ငွေကို ဒစ်ဂျစ်တယ်လ်ငွေအဖြစ်ပြောင်းပြီး အွန်လိုင်းကဝယ်၊ ရောင်းချင်ရင်လည်း အွန်လိုင်းမှာရောင်း၊ သိမ်းထားချင်ရင်လည်း အွန်လိုင်းမှာသိမ်းထား၊ စုထား ငွေချေစရာရှိရင်လည်း အွန်လိုင်းကနေပဲ ပေးချေလို့ရတာမျိုးပါ။ ဖိလစ်ပိုင် ဗဟိုဘဏ်အနေနဲ့လည်း အင်တာနက်အွန်လိုင်းက ငွေပေးချေတဲ့ စနစ်တွေကို အခု ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စီစဉ်ထားတာကြောင့် ဒစ်ဂျစ်တယ်လ်ငွေကြေး အရောင်းအဝယ်လုပ်ငန်းတွေကိုလည်း ဗဟိုဘဏ် စီမံကိန်းရဲ့ အစိတ်အပိုင်း တခုအနေနဲ့ မြင်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဖိလစ်ပိုင်ပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လ်ငွေကြေး သုံးစွဲမှုအဆင်ပြေရေး၊ လုံခြုံစိတ်ချရရေး စည်းမျဉ်းစည်းကမ်းတွေကိုလည်း ဗဟိုဘဏ်နဲ့ငွေကြေးလဲလှယ်မှုကော်မရှင်တို့က ရေးဆွဲဖို့ လုပ်ဆောင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးဆိုင်ရာအကဲခတ် Kenneth Ameduri ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဘဏ္ဍာရေး လောက လက်ရှိအခြေအနေကတော့ ဦးတဲ့လူစားမယ့်သဘောပဲလို့ဆိုပါတယ်။

"ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ်က တော်တော်ကြီးကြီးမားမားနဲ့ ထွန်းကားလာတော့မယ်။ တော်တော်များများ ပတ်သက်လာတော့မယ်ဆိုတာကို ဖိလစ်ပိုင်ပြည်သူတွေအနေနဲ့ သဘောပေါက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစနစ်က တကယ်ပဲ ဖြစ်လာတော့မှာပါ။ ဒီစနစ်ကိုသူတို့ သုံးစွဲလာပြီဆိုရင် တခြားဘဏ္ဍာရေးဆိုင်ရာ စနစ်တွေ ခေတ်နောက်ကျသွားနိုင်ပါတယ်။ အခွင့်ကောင်းကို လက်မလွှတ်အောင်လုပ်တဲ့သူက တွက်ချေကိုက်မယ့် သဘောပါ။"

ဒစ်ဂျစ်တယ်လ် ငွေကြေးစနစ်ဖိလစ်ပိုင်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမယ်ဆိုရင် သေသေချာချာဂရုစိုက်ရမယ့် ကိစ္စတွေကတော့ အခွန်ပေးတဲ့ကိစ္စနဲ့ ဆရာဝန်ဆေးလက်မှတ်နဲ့ ၊ယ်ယူရမယ့် ဆေးဝါးကိစ္စတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဖိလစ်ပိုင်မှာ ဒီကိစ္စ ၂ ခုက ဒစ်ဂျစ်တယ်လ် ငွေကြေးမသုံးခင်ကတည်းက တော်တော်ရှုပ်ရှုပ်ထွေးထွေးတက်နေတဲ့ ပြဿနာတွေဖြစ်လို့ပါပဲ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG