သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ အာဆီယံကို ဖိလစ်ပိုင်အဆိုပြုမည်


(Zawgyi/ Unicode)

မြန်မာ့အရေး ဖြေရှင်းရာမှာ စစ်ကောင်စီနဲ့ တိုက်ရိုက် ဆက်ဆံတာ အပါအဝင် ပုံစံသစ်နဲ့ ချဉ်းကပ်ဖို့ လာမယ့် နိုဝင်ဘာလထဲ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးမှာ အဆိုပြုမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတဲ့အပေါ် နိုင်ငံတကာနဲ့ ဒေသတွင်းက အားမလိုမရ ဖြစ်နေချိန်မှာပဲ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က မနီလာမြို့တော် နိုင်ငံခြားသတင်းထောက်အသင်းမှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

အနိမ့်ဆုံးအနေနဲ့ စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ စားပွဲဝိုင်းမှာလာပြီး ပြောနိုင်ဆိုနိုင်အောင် ခိုင်မာတဲ့ အဆိုပြုချက်တွေကို အတူတကွ ချမှတ်ရမယ့် အချိန်တန်ပြီလို့ ပြောခဲ့ကြောင်းလည်း Reuters သတင်းကဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီကိုတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံရဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးကို ကိုယ်စားမပြုတဲ့ အရပ်ဖက်တာဝန်ရှိသူတွေကိုသာ တက်ရောက်ခွင့် ပြုထားတာပါ။

လာမယ့် နိုဝင်ဘာလ အာဆီယံ အစည်းအဝေးပွဲတွေအတွက် အလားတူ ရပ်တည်ချက်အတိုင်း ဖိတ်ကြားထားတာကို စစ်ကောင်စီက ငြင်းဆန်ထားတာကြောင့် ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာပါဝင်မှာ မဟုတ်ဘူးလို့လည်း အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံက ဒီသီတင်းပတ်ထဲမှာပဲ အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာလည်း မြန်မာ့အရေး တိုးတက်မှုတွေ မတွေ့ရရင် ချဉ်းကပ်တဲ့ပုံစံ ပြောင်းလဲကောင်း ပြောင်းလဲမှာ ဖြစ်ကြောင်း အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG