သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ ပြင်းအားကြီးငလျင် ဒုတိယနေ့ ထပ်လှုပ်


မနီလာမြောက်ပိုင်း Porac မြို့တွင် ဧပြီလ ၂၃ ရက်တုန်းက ငလျင်လှုပ်စဉ်
မနီလာမြောက်ပိုင်း Porac မြို့တွင် ဧပြီလ ၂၃ ရက်တုန်းက ငလျင်လှုပ်စဉ်

ဖိလစ်ပိုင်တောင်ပိုင်းမှာ လူပေါင်း ၁၆ ဦး သေဆုံးခဲ့ရတဲ့ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ပြီး နောက်တနေ့မှာပဲ နောက်ထပ် အားပြင်းငလျင် တခု ထပ်လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာန USGS ကပြောပါတယ်။

အင်္ဂါနေ့ နေ့လည်မှာ လှုပ်ခဲ့တဲ့ ပြင်းအား ၆.၅ ရှိတဲ့ ငလျင်ဟာ ဖိလစ်ပိုင် အလယ်ပိုင်းက Tutubigan အရပ်ရဲ့ အရှေ့ဖက် ၈ မိုင်လောက် အကွာ မြေအောက် အနက် ၄၃ မိုင်ကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဒုတိယ ငလျင်ကြောင့် သေဆုံး ပျက်စီးမှု အတိုင်းအတာကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရသူ ၁၀ ဦးလောက်ရှိပြီး အများစုက ပြိုကျလွင့်ပျံလာတဲ့ ပစ္စည်းတွေ ထိခိုက်မိတာကြောင့် ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တဦးကတော့ ကြောက်ပြီး အဆောက်အဦး တခုကနေ ခုန်ချခဲ့တဲ့အတွက် ခြေထောက်မှာ ထိခိုက်သွားတာ ဖြစ်ပါတယ်။ ငလျင်ဗဟိုချက်နားက Borongan မြို့က ဟော်တယ်တာဝန်ခံ တယောက်ကတော့ ငလျင်အား သိပ်ပြင်းတဲ့အတွက် အားလုံးထိတ်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

တနင်္လာနေ့ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ Pampanga ခရိုင်မှာ သေဆုံးရသူ အရေအတွက်က ၁၆ ဦး ရှိသွားပြီလို့ ဖိလစ်ပိုင် အမျိုးသား ကပ်ဘေးအန္တရာယ် ဆိုင်ရာ အဖွဲ့ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူ အများစုဟာ ဖိလစ်ပိုင် Luzon ကျွန်းမကြီးမှာရှိတဲ့ Porac မြို့က စူပါမားကက် အဆောက်အုံပြိုကျရာက သေဆုံးခဲ့ကြတာပါ။ ငလျင်ဗဟိုချက်နဲ့ ၃၇ မိုင်လောက်အကွာမှာရှိတဲ့ Manila မြို့တော်အပါအဝင် တခြားမြို့တွေမှာ အဆောက်အဦး ပြိုကျရာကနေ ထိခိုက် ဒဏ်ရာရခဲ့သူကလည်း တရာကျော်သွားပြီလို့ ရဲတွေက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဂျပန်ကနေ အရှေ့တောင်အာရှနိုင်ငံတွေ အပါအဝင် ပစိဖိတ်ချိုင့်ဝှမ်း ဒေသတလွှားက ပစိဖိတ် Ring of Fire ငလျင်ရပ်ဝန်း ထဲမှာ ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG