သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Duterte အပြန်အလှန် လည်ပတ်ဖို့ ဖိတ်ကြား


အမေရိကန်က အရွေးကောက်ခံ သမ္မတ Donald Trump ။
အမေရိကန်က အရွေးကောက်ခံ သမ္မတ Donald Trump ။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အမေရိကန်က အရွေးကောက်ခံ သမ္မတ Donald Trump ကို သောကြာနေ့က တယ်လီဖုံးနဲ့ ဆက်သွယ် ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ ပြောဆိုမှုဟာ ခဏတာဖြစ်ပေမယ့် သိပ်ကို အဆင်ပြေခဲ့သလို ခေါင်းဆောင် ၂ ဦးစလုံးက သူတို့ နိုင်ငံတွေကို လာလည်ဖို့ အပြန်အလှန် ဖိတ်ခေါ်ခဲ့ကြ တာ ဖြစ်ပါတယ်။

သမ္မတ Duterte နဲ့ရင်းနှီးတဲ့ လက်ထောက် Bong Go က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ Trump နဲ့ စကားပြောနေတဲ့ ဖိလစ်ပိုင်ခေါင်းဆောင်ဟာ ပြုံးရွှင်နေတာ တွေ့ရသလို ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာတည်တံ့အောင် နဲ့ ပိုပြီး တိုးမြှင့်ဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အခုလို Trump နဲ့ ၇ မိနစ်ကျော် စကားပြောဆိုမှုတွေ မလုပ်ခင် အစောပိုင်းက သမ္မတ နန်းတော်ကကြေညာချက် ထုတ်ပြန်ခဲ့ပြီး သမ္မတ Duterte က မစ္စတာ Trump ကို သူ့မွေးဌာနေုဖြစ်တဲ့ ဖိလစ်ပိုင်တောင်ပိုင်းက Davao မြို့ကို လာလည်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ
ဖိလစ်ပိုင်သမ္မတ

သူတို့ ၂ ဦး အခုလိုစကားပြောဆိုခဲ့ချိန်မှာ သေကြေမှုတွေ ရှိနေတဲ့ Duterte ရဲ့ သူ့နိုင်ငံက မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သုံးစွဲမှု နှိမ်နင်းရေး နဲ့ ပါတ်သက်ပြီး ထည့်သွင်းပြောမပြောတော့ မသိရသေးပါဘူး။ သမ္မတ Barack Obama ကရော အမေရိကန် နိုင်ငံခြားရေးဌာနက ပါ Duterte ရဲ့ နှိမ်နင်းမှုမှာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု မှာ ပါဝင်မယ်လို့ သံသယရှိသူပေါင်း ၄ ထောက်ကျော် သေကြေခဲ့တာနဲ့ ပါတ်သက်ပြီး စိုးရိမ် စိတ်ပူကြောင်း ပြောကြားခဲ့တာပါ။

ဇွန်လထဲမှာ အာဏာရလာတဲ့ Duterte က နှစ်ရှည်လများ မဟာမိတ်အဖြစ်ဆက်ဆံလာတဲ့ အမေရိကန်နဲ့ ရန်လိုမှုတွေ ရှိလာ ခဲ့သလို တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးကို တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ တရုတ်သမ္မတ Xi Jinping နဲ့ ၂ ကြိမ်တွေ့ဆုံခဲ့သလို ရုရှား သမ္မတ Vladimir Putin နဲ့ တကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG