သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အောင်မြင်မှုကို နိုင်ငံတကာကြိုဆို


အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတကြီးအဖြစ် ရီပတ်ဘလစ်ကင် သမ္မတလောင်း Donald Trump ကို ရွေးကောက်တင်မြှောက်လိုက်ပြီးတဲ့နောက် သူ့ရဲ့အောင်မြင်မှုအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုတွေ စတင် ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဦးစံမိုးဝေက စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း က "ကုလသမဂ္ဂအနေနဲ့ အမေရိကန်အစိုးရသစ်နဲ့အတူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပေးဖို့နဲ့ တူညီတဲ့ စံထားချက်တွေကို ထောက်ခံအားပေးရာမှာ ရာသီဥတု အပြောင်းအလဲ ထိန်းချုပ်နိုင်ရေး၊ လူ့အခွင့်အရေး တိုးတက်ဖော်ဆောင်နိုင်ရေး၊ နှစ်ဘက်နားလည်မှုများ ထောက်ခံအားပေးရေးနဲ့ ရေရှည်ခံမယ့် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးတို့အတွက် ကြိုးပမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

ဒါကတော့ အမေရကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ ထွက်ပေါ်လာမယ့် အုပ်ချုပ်ရေးအစိုးရသစ်အပေါ် သူ့ရဲ့ မျှော်လင့်ထားချက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။

မော်စကိုမြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံရပ်ခြားက ဧည့်သည်တော်တွေနဲ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံတဲ့ အခမ်းနားမှာ ရုရှားသမ္မတ Valdimir Putin က ရွေးကောက်တင်မြှောက်ခံ သမ္မတ Donald Trump ကို ချီးကျူး ဂုဏ်ပြုစကား အခုလို ပြောကြားခဲ့ပါတယ်။

"ကျနော် ခနခန ပြောခဲ့သလိုပဲ ရုရှားနဲ့ အမေရိကန် တို့ရဲ့ ဆက်ဆံရေး မကောင်းဘဲ ဖြစ်နေရတာဟာ ကျနော်တို့ရဲ့ အမှား မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ နှစ်နိုင်ငံဆက်ဆံရေး အပြည့်အ၀ ပြန်လည်ကောင်းမွန်စေဖို့ လိုလားပါတယ်။ ရုရှားဘက်က အဆင်သင့် ရှိနေပါတယ်လို့ ရုရှားဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။"

ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း အမေရိကန်ပြည်ထောင်စုက မဲဆွယ်ပွဲတွေမှာ မကြာခဏ ဆိုသလို ထိပ်တိုက်ကြုံကြုံလာတဲ့ ကိစ္စရပ်တွေဟာ လက်ခံနိုင်ဖို့ အင်မတန်ကို ခက်ခဲပါတယ်လို့ ဘာလင်မြို့မှာ ပြောဆိုပါတယ်။ ဒါပေမဲ့ နောက်တက်လာမဲ့ အမေရိကန် အစိုးရသစ်နဲ့ အတူတကွ ပူးတွဲလုပ်ဆောင်ဖို့ ကတိပြုလိုက်ပါတယ်။

"ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှုနဲ့ လူ့ဂုဏ်သိက္ခာတို့ကို လေးစားလိုက်နာမှု၊ မျိုးနွယ်စု အသားအရောင် ကိုးကွယ်တဲ့ဘာသာ၊ ကျား-မ ကွဲပြားမှု လိင်ပိုင်းဆိုင်ရာ ခံယူချက်နဲ့ နိုင်ငံရဲ့ အမြင်တွေရဲ့ သီးခြားရပ်တည်မှုတွေအပေါ် လေးစားလိုက်နာတဲ့ တူညီတဲ့ စံတန်ဖိုးတွေကို ထားရှိတာဖြစ်ပါတယ်။ ဒီစံထားချက်တွေကို အခြေခံပြီး နောင်တက်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ့် အနာဂတ်ကို ကျမ ကမ်းလှမ်းလိုပါတယ်။"

ပြင်သစ်သမ္မတ Francois Hollande ကလည်း ဂုဏ်ပြုကြိုဆိုလိုက်သလို၊ ပြင်သစ်နိုင်ငံအနေနဲ့ အချိန်မဆိုင်းဘဲ အမေရိကန် အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံ လုပ်ကိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလမှာ Donald Trump ဟာ အမေရိကန် ပြည်ထောင်စုနဲ့ ကျနော်တို့ကြား ထားရှိခဲ့တဲ့ အကျိုးစီးပွားနဲ့ စံတန်ဖိုး ထားမှုတွေအပေါ် မတူညီနေတာလေးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ပြည်သူလူထုနဲ့ တူညီတဲ့ သမိုင်းအစဉ်အလာအတွက် ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဂရုတစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့ ပြင်သစ်ဘာသာနဲ့ ပြောသွားတာပါ။"

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း

"ကျနော်ပြောချင်တာကတော့ ကျနော်တို့ ဝန်ကြီးချုပ်ပြေားသွားခဲ့တာနဲ့ အလားတူပါပဲ။ ထပ်ဖြည့်ပြောချင်တာကတော့ Donald Trump ရဲ့ အောင်မြင်မှုအတွက် ကျနော့်အနေနဲ့ ချီးကျူး ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါတယ်။ သူရဲ့ အစိုးရသစ်နဲ့ လုံခြုံရေး၊ တည်ငြိမ်မှုရှိရေး၊ သာယာဝပြောရေး၊ ဗြိတိန်နဲ့ အမေရိကန်တို့ကြား တူညီတဲ့ ယုံကြည်မှုနဲ့ စံတန်ဖိုး ထားမှုတွေအတွက် အတူတကွ လက်တွဲ အလုပ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။"

ဒါကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်တဦး ရွေးချယ်နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုတဲ့အကြောင်းနဲ့ ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရနဲ့ မြန်မာတို့အကြား ရင်းနှီးဆက်ဆံမှုတွေရှိလာဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာသမ္မတရုံးက ပြောကြားခဲ့ပါတယ်။

Slovenia ဝန်ကြီးချုပ် Miro Cerar ကတော့ ရွေးကောက်ခံသမ္မတ Donald Trump ရဲ့ ဇနီးဖြစ်သူ first lady ဖြစ်လာမယ့် Melania Trump ဟာ Slovenia နိုင်ငံဖွားဖြစ်တဲ့ အတွက် သူ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်းပြောပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG