သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယအကြိမ် ပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်


လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ နိုင်ငံရေးသဘောတူညီချက်များများစားစားရစရာမရှိနိုင်ကြောင်း ဦးဆောင်ပါဝင်သူတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒီတကြိမ်ညီလာခံဟာ တစ်နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပနိုင်တာ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်ဆက်ပေးတဲ့အနေအထားတခု ဖြစ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဒီလ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ဒီညီလာခံကို NCA ခေါ် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော၊ မရေးထိုးသေးတဲ့အဖွဲ့တွေပါ အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားကိုယ်စားလှယ်စတဲ့ နယ်ပယ်ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က နောက်ဆုံးကျင်းပတဲ့ ညီလာခံမှာ ကဏ္ဍကြီး ၅ ရပ်အနက် အချက် ၄၁ ချက်ဆွေးနွေးပြီး ၃၇ ချက် သဘောတူညီချက် ရခဲ့ပေမဲ့ လာမယ့် ညီလာခံမှာတော့ သဘောတူညီချက်များများစားစားရနိုင်ဖို့ မရှိကြောင်း UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှုးတဦးဖြစ်တဲ့ စိုင်းကျော်ညွှန့်က ပြောပါတယ်။

“ နိုင်ငံရေးကဏ္ဍမှာဆိုရင် ကျားမဆိုင်ရာ တန်းတူညီမျှရေး ဆိုတဲ့ ခေါင်းစဉ်တခုပဲ ရှိပါတယ်။ လုပ်ငန်းလမ်းညွှန်အရပေါ့ ကျားမ တန်းတူရေးဆိုင်ရာနဲ့ ပတ်သက်ပြီး အချက် ၄ချက်ပဲ ဆွေးနွေးဖို့ ရှိပါတယ်။ စီးပွားရေးမှာဆိုရင်လည်း တစ်ချက်ပဲ ရှိပါတယ်။ လူမှုရေးကဏ္ဍမှာဆို ၇ချက်ရှိမှာပေါ့လေ။ မြေယာကဏ္ဍမှာဆို ၂ချက်ပဲရှိပါတယ်။ ဒီတခေါက်ဆွေးနွေးရမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေက လုံခြုံရေးကဏ္ဍမှာဆိုရင်တော့ သဘောတူထားတာ တချက်မှ မရှိဘူးဆိုတော့ကာ လုပ်ငန်းစဉ်တွေကိုပဲ ပြန်ပြီးတော့ ရှင်းပြရမယ့် သဘောရှိပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင်ဖြင့် ကျနော်တို့ဒီညီလာခံမှာ နိုင်ငံရေးသဘောတူညီမှုအချက်အလက် များများစားစားရစရာမရှိဘူး။ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်မှုမရှိဘူး။ အဲလိုပဲ ပြောလို့ရပါတယ်။ ”

NCA စာချုပ်မှာ ငြိမ်းချမ်းရေးညီလာခံကို တစ်နှစ်မှာ ၂ ကြိမ်ကျင်းပဖို့ သဘောတူညီထားတာဖြစ်ပေမဲ့ နိုင်ငံရေးကဏ္ဍမှာပါဝင်တဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ လုံခြုံရေးကဏ္ဍမှာပါဝင်တဲ့ တပ်တွေ ပြန်လည်ပေါင်းစည်းရေးစတဲ့အချက်တွေကို မညှိနှိုင်းနိုင်တာကြောင့် ညီလာခံက တစ်နှစ်ကျော် ရပ်ဆိုင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိညီလာခံ ပြန်လည်ကျင်းပနိုင်တဲ့အပေါ်မှာ စိုင်းကျော်ညွှန်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီပွဲကနေပြီးတော့ မျှော်မှန်းစရာတော့ အများကြီး မရှိနိုင်ဘူး။ ဒါပေမဲ့ ဟိုဘက် ဒီဘက် တွေ့ဆုံလို့ ရနိုင်သေးတယ်။ ဆွေးနွေးလို့ ရနိုင်သေးတယ်ဆိုတာကိုကပဲ ကျနော်တို့ ဘာပဲ ပြောပြော နောက်တော့ ပြန်မဆုတ်သေးဘူးဆိုတဲ့ သဘောမြင်ရတယ်။ စဉ်ဆက်မပြတ် ဆက်ဖြစ်နေသေးတယ်။ ဒီပေါ်မှာ နည်းနည်းရရင်လည်း နည်းနည်း ရွှေ့မယ်ဆိုတဲ့ အဆင့်ထိကို တတ်နိုင်တဲ့ဖက်က ကြိုးစားနေကြတယ်လို့ပဲ ဒီလိုပဲ ပြောရမှာဖြစ်ပါတယ်။ ”

လက်ရှိကျင်းပမယ့် ညီလာခံကို တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် တရုတ်နယ်စပ်အခြေစိုက် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ခေါ် မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့လည်း ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။ ဒီအဖွဲ့တွေကတော့ ညီလာခံမှာ တရားဝင်ဆွေးနွေးတာမျိုးမရှိဘဲ သီးခြားတွေ့ဆုံဆွေးနွေးတာတွေ ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရယ်နဲ့ သီးသန်တွေ့ဆုံမှုတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း FPNCC ၇ဖွဲ့ကို အစိုးရကော တပ်မတော်ကောက တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပါဘူး။ အဲတော့ လောလောဆည်မှာ သူတို့အနေနဲ့ကတော့ Bilateralထိုးပြီးသား ၄ဖွဲ့ပေါ့ ၊ ဝရယ်၊ မိုင်းလားရယ်၊ SSPPရယ်၊ KIA ရယ် ၄ဖွဲ့သပ်သပ်။ နောက် Bilateral မထိုးရသေးတဲ့ ၃ဖွဲ့ပေါ့ ဒီ ၃ဖွဲ့ကို သပ်သပ် သီးသန့်တွေ့မယ်ဆိုတဲ့ အနေအထားတော့ ရှိပါတယ်။ အဲတော့ 11 ရက်နေ့ကတော့ ဖွင့်ပွဲနေဖြစ်တဲ့အတွက်ကြောင့် ၁၂-၁၃ ဒီ ၂ရက်မှာတော့ တွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ ”

မြောက်ပိုင်း၇ဖွဲ့မှာ KIA ကချင်၊ TNLA တအာင်း -ပလောင်၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေဟာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ လက်ရှိထိပ်ပိုင်းခေါင်းဆောင်တွေဆွေးနွေးပွဲမှာ နားလည်မှုတည်ဆောက်နိုင်ရင်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ညှိနှိုင်းနိုင်ရင်တော့ တိုက်ပွဲတွေ လျော့ကျလာနိုင်မယ်လို့လည်း ဆက်ပြောပါတယ်။

၂၁ ရာစု တတိယအကြိမ်ပင်လုံအစည်းအဝေးအပေါ်မှာတော့ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။

“ တတိယအကြိမ် ပင်လုံညီလာခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်ဆက်ပေးယုံလောက်ပဲလို့ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်။ ဒါကတော့ NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေရဲ့ နိုင်ငံရေးသဘောတူညီချက် ယူတဲ့အပေါ် ကြည့်ပြောတာပါ။ သဘောတူညီချက်ရယူရာမှာ ဒီလောက်ကြီးအောင်အောင်မြင်မြင်မရနိုင်ဘူး။ ဒါအပြင် အဓိက အချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာနဲ့ လုံခြုံရေးဆိုင်ရာကိစ္စကို ဒီတခေါက် မဆွေးနွေးနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သွားနေသေးတယ်ဆို ဒါကို ကျနော်တို့က နောက် ဒီထက်ပြီး carry ဆက်လုပ်လို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ဆက်တွန်းချင်တယ်ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုနဲ့ လုံခြုံရေးဆိုင်ရာကဏ္ဍတွေကို ဘယ်လို ညှိနှိုင်းအဖြေရှာမလဲဆိုတာက အရေးပါတဲ့ အခန်းကို ရောက်လာပြီလို့ ထင်ပါတယ်။ အဲတော့ ဒီအခန်းတွေကို ကျနော်တို့က ဆက်ပြီးတော့ မတွန်းနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်တာတို့၊နောက်လျောကျတာတို့က အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်။ ”

၂၁ ရာစုပင်လုံ တတိယအကြိမ် မစတင်ခင်ကတော့ UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ ၂၀၁၈ခုနှစ်မှာ နောက်ထပ် ညီလာခံ တကြိမ်နဲ့ ၂၀၁၉ ခုနှစ် မှာ ညီလာခံ၂ကြိမ်ကျင်းပဖို့၊ ဒီညီလာခံ ၃ကြိမ်အတွင်းမှာ အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေ ချမှတ်ဖို့ဆွေးနွေးထားပါတယ်။ လတ်တလော ညှိနှိုင်းလို့ မရသေးတဲ့အချက်တွေကိုတော့ ဒီညီလာခံတွေနဲ့ ကြားကာလတွေအတွင်းမှာ ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG