ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး မလုံလောက်တဲ့ အချိန်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ထပ်ကြုံရတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်ရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတော်တော်များများမှာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက သောက်သုံးရေရှားပါးမှုတွေနဲ့ရင်ဆိုင်နေကြရတာပါ။ အထူးသဖြင့် စစ်ဘေးဒုက္ခသည်တွေအများဆုံးနေထိုင်တဲ့ကျေးရွာတွေမှာ သောက်သုံးရေတွေ ရှားပါးနေတာဖြစ်တယ်လို့လည်း ရခိုင်ဒေသခံတဦးကပြောပါတယ်။
“ ပုဏ္ဏားကျွန်းဘက်မှာ ရေရှားတာကတော့ အခုအချိန်မှာ တော်တော်လေး ဖြစ်နေပြီပေါ့နော်၊ ရေကို ရရှိဖို့ အတွက် ခရီးဝေးသွားပြီးတော့ ရေခပ်ရတာတွေ၊ အဖွဲ့အစည်းတွေကနေပြီးတော့ ရေကို ခွဲဝေပြီးတော့ လှူပေးတာတွေ၊ အဲလောက်ထိ ဖြစ်နေပြီပေါ့နော် ရေရှားတာက။ဒီကန်ရေတွေကလည်း နောက်ကျိပြီးတော့ သုံးလို့မရဘူး။ အဲလိုမျိုးအနေအထားမှာ ဒေသခံတွေရော စစ်ဘေးရှောင်တွေရော အကုန်လုံး ဒီဒဏ်ကို ခံနေရတာပေါ့နော်။”
ပုဏ္ဏားကျွန်းမြို့နယ်ဟာ နှစ်စဉ်ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့မြို့နယ်တခုဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကျေးရွာတွေမှာရှိနေတဲ့ ရေနဲ့ နေထိုင်တဲ့လူဦးရေမမျှတတာကြောင့် ရေရှားပါးမှုကို အရင်နှစ်တွေကထက် စောပြီး ရင်ဆိုင်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“နောက်တခုကကျတော့ ပုဏ္ဏားကျွန်းမြို့နယ်က နှစ်စဉ်ရေရှားပါးမှုကို ကြုံနေရတဲ့ မြို့တခုဖြစ်တယ်၊ ဆိုတော့ ဒီမှာက ရေရှားပါးမှုကို ကြုံတွေ့ရတာ အရင်နှစ်တွေကထက် စောတယ်လို့ ပြောလို့ရတာပေါ့ နော်၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရှောင်တွေပေါ့နော် စစ်တွေတို့က စစ်ရှောင်လာတဲ့ သူတွေ တခြား နီးစပ်ရာတွေက စစ်ရှောင်လာတဲ့သူတွေများတဲ့အခါကျတော့ ရေကို အရင်နှစ်တွေကထက် ပိုပြီးတော့ စုပုံပြီးတော့ သုံးရတယ်ပေါ့နော်၊ ဥပမာ ရွာတရွာမှာ ကန်တကန်ရှိတယ်ဆိုရင် အဲကန်ကရေကို ရွာသား တွေနဲ့ စစ်ဘေးရှောင်တွေပါ သုံးရတဲ့ အခါကျတော့ အဲကန်က ရေခမ်းခြောက်မှု ပိုပြီးတော့ မြန်ဆန်သွား တယ်ပေါ့နော်။ ဒီနှစ်မှာ အဲတာမျိုးကြုံနေရတာ။”
ရခိုင်ပြည်နယ်က ကျေးရွာတော်တော်များများမှာ ကျေးရွာအလိုက် တပိုင်တနိုင်တူးဖော်ထားတဲ့ ရေကန်တွေမှာ မိုးရေကိုစုဆောင်ပြီးတော့ ဆောင်းတွင်းနဲ့ နွေရာသီတွေမှာ ခပ်ယူသုံးစွဲကြတာ လည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အပူချိန်မြင့် တက်လာတာ၊ ကျေးရွာတွေမှာ စစ်ဘေးရှောင်ဦးရေတွေတိုးလာတာကြောင့် မိုးရေသိုလှောင်ထားတဲ့ ရေကန်တွေမှာ ရေခမ်းခြောက်တာတွေ စောလာနေတာလည်းဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် လာမယ့်လတွေမှာလည်း ရခိုင်ပြည်နယ်က မြို့နယ်တော်တော် များများမှာ ရေရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့လည်း လက်ရှိ ကျောက်တော်မြို့မှာ နေထိုင်တဲ့ ရခိုင်ဒေသခံတဦးကပြောပါတယ်။
“ဆက်ပြီးတော့လည်း ဒီနှစ်မှာ ရေရှားပါးမှုကိုကြုံတွေ့ရနိုင်တဲ့နေရာတွေ အများကြီးရှိသေးတယ်၊ ဒါ့ကြောင့်လည်း အာရက္ခတပ်တော်က ရေရှားပါးမှုကို ကြိုတင်သိရှိတဲ့အတွက်ပေါ့နော်။ ရေရရှိနိုင်မယ့် အရင်းအမြစ်တွေကို AAက လုပ်ဆောင်ခဲ့တာတွေရှိတယ်၊ ဒါပေမယ့် တဖက်မှာလည်း စစ်ရှောင်ဦး ရေများတဲ့ ရွာတွေမှာဆိုရင် ရေက အကန့်အသတ်ဖြစ်လာတဲ့ အနေအထားကိုကျနော်တို့ တွေ့ရတယ်။”
ရခိုင်ပြည်နယ်မှာနှစ်စဉ်ကြုံတွေ့နေရတဲ့ ရေရှားပါးမှုပြဿနာတွေကို ပြီးခဲ့တဲ့နှစ်တွေကတော့ သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတွေ ဒေသတွင်း ကူညီရေးအဖွဲ့တွေက ရေလှူဒါန်းတာတွေ၊ ရေစုပ်စက်တွေ ထောက်ပံ့ပေးတာတွေရှိပြီး သောက်သုံးရေ ဖြန့်ဖြူးဝေမျှတာတွေလည်းရှိတယ်လို့ အရပ်ဘက်အဖွဲ့ အစည်းတွေက ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက ပြည်တွင်းကုန်စည် စီးဆင်းမှုတွေနဲ့ ကုန်းလမ်းရေလမ်းတွေ အားလုံးကိုစစ်ကောင်စီက အခုအချိန်ထိ ဖြတ်တောက်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ စားနပ်ရိက္ခာ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းအားလုံးနီးပါး ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် ရခိုင်တပြည်နယ်လုံးမှာ ငွေသားရှားပါးမှုတွေရှိနေသလို ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတာကြောင့် လူသားချင်းစာနာမှုအကူ အညီပေးနေတဲ့ လုပ်ငန်းတွေအားလုံးနီးပါး ရပ်တန့်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
Forum