ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပတ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ တိတိကျကျ သတင်း မသိရတာကြောင့်လည်း ပိုပြီး စိုးရိမ်စရာဖြစ်နေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီ ရေတပ်စခန်းအနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေမှာ မြေပြင်တိုက်ပွဲထက် လက်နက်ကြီးတွေနဲ့ နှစ်ဘက် အပြန်အလှန် အဓိက တိုက်နေကြပါတယ်။
အခုရက်ပိုင်းမှာတော့ ဓညဝတီ ရေတပ်စခန်း အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်သလို ရေတပ်သင်္ဘောတွေကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ပစ်ခတ်နေတယ်လို့ အဲဒီနေရာမှာရှိနေတဲ့ ကျေး ရွာဒေသခံတဦးက ပြောပါတယ်။
“ကျမတို့ ရွာဘက်မှာတော့ တိုက်ပွဲ မရှိသေးဘူး ဒါပေမဲ့ လက်နက်ကြီးတွေ ကျတာရှိတယ် ရေတပ်တွေကနေ ပစ်တာပေါ့။ လူတွေကလည်း စိုးရိမ်နေကြတယ် ပြေးစရာလည်း မရှိဘူးလေ။ မနေ့ကဆိုရင်လည်း ရေတပ်စခန်း အနီးအနားက ရွာတွေကို တညလုံး လက်နက်ကြီးတွေနဲ့ပစ် လေယာဉ်ကလည်း ဗုံးကြဲတယ်။”
ဓညဝတီရေတပ်စခန်း အနီးမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက် ခံထားရတာကြောင့် ရွာမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စိုးရိမ်မိတယ်လို့ ရန်ကုန်ရောက်နေတဲ့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
“အခုက သတင်းတွေကလည်း အမျိုးမျိုး ထွက်နေတယ်၊ ပြီးတော့ အိမ်နဲ့ကလည်း ဖုန်းအဆက်အသွယ် လုံးဝ မရဘူးဆိုတော့ စိုးရိမ်နေရတာပေါ့နော်။ အခုထိလည်း ဘာမှ မသိရဘူး သတင်းတွေမှာတော့ တက်နေတယ်၊ လက်နက်ကြီးတွေ ကျနေတယ်၊ သတင်းလည်း တခုမှ မသိရတော့ အိမ်ဘက်ကနေ ဆက်သွယ်လာမယ့် အချိန်ကိုပဲ စောင့်နေရတာ။”
လောလောဆယ် ရန်ကုန်မြို့မှာ စစ်ဘေးရှောင်နေချိန် ရခိုင်မှာ ကျန်ခဲ့သူတွေအတွက် တချိန်လုံး စိုးရိမ်နေရတယ်လို့လည်း သူက ပြောပါတယ်။
“ညီမတို့ကကျတော့ အခုပြည်မမှာ နေရတာလည်း မလုံခြုံဘူး။ ပြီးတော့ ရခိုင်မှာရှိတဲ့ ကိုယ့်ရဲ့ မိသားစုတွေကိုလည်း စိတ်ပူနေရတယ်။ သတင်းတွေကလည်း အမျိုးမျိုးတက်နေတယ်။ တိုက်ပွဲတွေ ကလည်းဖြစ်နေတယ် ဘယ်လို ဖြစ်နေမှန်းလည်း မသိရဘူး အဆိုးဆုံး အခြေအနေအထိ မျှော်လင့်နေရတာဆိုတော့ မိသားစုနဲ့တကွ ရခိုင် တနိုင်ငံလုံးကိုတော့ အမြန်ဆုံး အေးချမ်း စေချင်ပါတယ်ရှင့်။”
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ ရေတပ်အင်အားတွေနဲ့ စစ်သင်္ဘောတွေ ဖြည့်တင်းထားသလို တရုတ်ရေနက်ဆိပ်ကမ်း တည်ရှိတဲ့ မဒေးကျွန်းဘက်မှာလည်း လုံခြုံရေး အင်အားတွေ တိုးချဲ့ချထားတာပါ။
ဒါ့အပြင် ကျောက်ဖြူ- ရန်ကုန် ကားလမ်းပေါ်မှာ ပြိုင်းစေ့ကေ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ၃၂ ရဲတပ်ရင်းကလည်း အနီးအနား ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Forum