ရခိုင်ပြည်နယ်က ကျောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေအရှိန်မြင့်နေသလို စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု တွေလည်းရှိနေပါတယ်။ တချိန်တည်းမှာပဲ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတယ်လို့ ဒေသခံအကဲခတ်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ် စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တဲ့အကြောင်း ရခိုင်စစ်ရေးစောင့်ကြည်နေသူတဦးကပြောပါတယ်။
“စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာရှိတယ်လို့ သိရတယ်။ ကျေးရွာ တချို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ပြီးတော့ သစ်ပုတ်တောင် တိုက်နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ ကိုလည်း ဓညဝတီရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေကြောင့် နေအိမ်တွေ မီးလောင်တာ၊ တချို့အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်။ အရေအတွက် တိတိကျကျတော့ မသိရသေးဘူး။”
မနေ့က ညနေပိုင်းကလည်း ကျောက်ဖြူမြို့နယ်က ဦးကင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ တာကြောင့် အရပ်သားလေးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဦးကင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီက ကျောက်ဖြူမှာ ရေတပ်အင်အားဖြည့်တင်းနေပြီး ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီရေတပ် သင်္ဘော ဆယ်စီးကျော်လောက်ဖြည့်တင်းထားတယ်လို့ သူကဆက်ပြောပါတယ်။
“လက်ရှိကျောက်ဖြူကတော့ စစ်ရေးအရ တင်းမာတဲ့ အခြေအနေမှာရှိတယ်။ တိုက်ပွဲကလည်း အစပြုလာတော့ စကစဘက်ကလည်း စစ်အင်အားတိုးချဲ့တာတွေ အထူးသဖြင့် ရေတပ်အင်အားတိုးချဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် ရေတပ်သင်္ဘော (၁၁) စီးလောက်ရောက်လို့ ရှိတယ်လို့ သိရတယ်။ ပုံအနေအထားထက် သူတို့ ရေတပ်အင်အားကို ဖြည့်တင်းလိုက်တဲ့ အနေအထားရှိတယ်။ မာန်အောင်ဘက်က ရေတပ်သင်္ဘော တချို့လည်း ကျောက်ဖြူကို ရောက်လာတယ်။ စစ်တွေဘက်မှာ ကင်းလှည့်နေတဲ့ သင်္ဘောတချို့လည်း ကျောက်ဖြူအနီးပတ်ဝန်းကျင်ကို ရောက်လာတာရှိတယ်။ နောက်ပြီး တနင်္သာရီတိုင်းဘက်က စစ်သင်္ဘောတချို့ ရောက်တယ်လို့လည်း ကြားတယ်။”
အခုလို တိုက်ပွဲတွေပြင်းထန်လာတဲ့ ကျောက်ဖြူမှာ မဒေးကျွန်းရေနက်ဆိပ်ကမ်းအပါအဝင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း (SEZ) နဲ့ ရွှေဂက်စ်စီမံကိန်းတို့လို တရုတ်စီမံကိန်းတွေအများအပြား ရှိနေပါတဘ်။ တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေပါတယ်။
အာရက္ခတပ်တော် AA ဘက်ကတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေအပါအဝင်ရခိုင်-မကွေးအစပ်နဲ့ ရခိုင်-ပဲခူးအစပ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်း ရခိုင် စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ရခိုင်-ပဲခူးအစပ်က ပုဂံကွဲစခန်းနဲ့ နတ်တောင်တာဝါတိုင်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်းတချို့ကို AA ဘက်က သိမ်းပိုက်ထားနိုင်ပြီး ညောင်ကျိုးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို AA အဖွဲ့က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ဒါ့အပြင်တိုက်ပွဲပြင်းထန်နေတဲ့ ညောင်းကျိုးဘက်ကို ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီးနှစ်စီးနဲ့ ဒရုန်း ၄ စီးကို AA ဘက်က ပစ်ချလိုက်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးကပြောပါတယ်။
“နတ်တောင် တာဝါတိုင်စခန်းကို သိမ်းပြီးသွားပြီဖြစ်တဲ့အတွက် အဲဒီမှာ ညောင်ကျိုးကို ဆက်ပြီးတော့ ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲလည်း ပြင်းထန်နေတယ်။ ပြီးတော့ ဒရုန်းလေးစင်းကိုလည်း အာရက္ခတပ် တော်ဘက်က ပစ်ချလိုက်တယ်လို့ ကြားတယ်။ ပြီးတော့ စစ်တပ်လေထီးနှစ်စင်းပါတယ်ပေါ့။ အဲဒါကိုလည်း ပစ်ချလိုက်တယ်လို့ကြားတယ်။ အဲဒီမှာ လေထီးတစီးချင်းစီပေါ်မှာပါတဲ့ လေသူရဲပေါ့။ တယောက်ကတော့ လေထီးပေါ်မှာကတည်းက ဆုံးလာတယ်လို့သိရတယ်။ နောက်ကယောက်ကတော့ လေထီးပေါ်ကပြုတ်ကျပြီး မြေပြင်မှာ ဆုံးသွားတယ်လို့ သိရတယ်။”
ရခိုင်-မကွေးအစပ်က စစ်ကောင်စီတပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ဒီလဆန်းပိုင်းကစလို့ သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာတော့ ငဖဲမြို့နယ်ထဲက စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ဘက်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးကပြောပါတယ်။
“မကွေးမှာတော့ မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာကုန်းကိုလည်း အာရက္ခတပ်တော်နဲ့ အဲဒီဘက်မှာရှိတဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာ တော်တော်ကြာပါပြီ။ အဲဒီကလည်း တချို့ တပ်ဆုတ်ပြေးတာတွေရှိတယ်လို့ ကြားတယ်ပေါ့နော်။”
တိုက်ပွဲဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော် AA ဘက်က တစုံတရာသတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစုံတရာ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအကုန်ပိုင်း လောက်ကစပြီး တိုက်ပွဲတွေ တကျော့ပြန်ဖြစ်နေတာပါ။
လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ် (၁၄) ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက်ထားပါတယ်။ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုတော့ စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး ဒီလအတွင်းမှာပဲ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
Forum