ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တနှစ်ကြာတိုက်ပွဲအတွင်း ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၀ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။ ရခိုင်တိုက်ပွဲ တနှစ်တာကာလအတွင်း အခြေအနေတွေနဲ့ ပတ်သတ်ပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ပြောပြမှာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကစပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်နေပါတယ်။ AA ဘက်က ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲ စတဲ့မြို့နယ် ၁ဝ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ထားပါတယ်။
AA အနေနဲ့ ရခိုင်မှာစစ်ရေးအရ အောင်မြင်မှုတွေရရှိနေပေမယ့် တဘက်မှာလည်း စီးပွားရေး လူမှုရေး ကုန်သွယ်ရေးတွေ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။
“ ခြုံပြီးတော့ ပြောရရင်တော့ စစ်ဘက်ဆိုင်ရာ မျော်မှန်းချက် တော်တော်ခရီးရောက်တယ်လို့ပြောရမယ်။ တဘက်မှာကျနော်တို့ စစ်ပွဲတွေဆိုတာတော့ အများအားဖြင့် ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်တယ်၊ ပြည်သူတွေ စားဝတ်နေရေးခက်ခဲတယ်။ စစ်ဘေး ဒုက္ခသည်တွေများတယ်။ ပြီးတော့ တခြားစီးပွားရေးလုပ်ငန်းတွေ ရပ်တန့်ကုန်တယ် မလည်ပတ်ဘူး၊ အဲလိုအခြေအနေတွေကို ပြည်သူတွေက ခါးစည်းခံနေရတာပေါ့၊ ဒီအခြေအနေမှာ စစ်ကောင်စီ ဘက်ကလည်း ပြည်သူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ စျေးကအစ နေ့စဉ်နေ့တိုင်း လေယာဉ်နဲ့ ပစ်ခတ်နေတာရှိတယ်။ ဒီဒုက္ခတွေကိုလည်း ပြည်သူ တွေက ခံကြရတာပေါ့ မျိုးစုံပေါ့၊ ဒါတွေက စစ်ပွဲကာလမှာကြုံတွေ့ရလေ့ရှိပေမယ့် စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိဒုက္ခပေးနေတာက ပိုများပါတယ်။”
AA ဘက်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာလည်း စစ်ပွဲကြောင့် ကျေးရွာတွေ မီးလောင်ပျက်စီးသွားတာရှိသလို မြို့ပေါ်အဆောက်အဦတော်တော်များများလည်း တိုက်ပွဲအတွင်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။ တချို့မြို့နယ်တွေဆိုရင် လုံးဝကို ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတဦးဖြစ်တဲ့ ကိုကျော်ချစ်ကပြောပါတယ်။
“ မြို့သိမ်းတိုက်ပွဲတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါ စစ်ကောင်စီဘက်ကလည်း အလူးအလဲခုခံခဲ့ရတဲ့အခါ လေကြောင်းပစ်ခတ်မှုတွေ ကျေးရွာတွေကို မီးရှို့တာတွေ ရှိခဲ့တဲ့ အခါကျတော့ တချို့မြို့တွေဆိုရင် လုံးဝ ပျက်စီးသွားတဲ့ အနေအထားကို တွေ့ရတယ်ပေါ့နော်၊ အထူးသဖြင့် ပေါက်တောတို့ ပုဏ္ဏားကျွန်းတို့ ဘူးသီးတောင်တို့ပေါ့၊ ရမ်းဗြဲဘက်ဆိုရင်လည်း တော်တော်လေးကို ပျက်စီးသွားတဲ့ အခြေအနေတွေရှိနေတယ်။”
တိုက်ပွဲ စတင်ခဲ့တဲ့နေ့ကနေ အခုအချိန်ထိ စစ်ကောင်စီဖက်က ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ ခရီးသွားလာမှုတွေကို ပိတ်ဆို့ထားသလို၊ ဖုန်း အင်တာနက်နဲ့ လျှပ်စစ်မီးတွေကိုလည်း ဒီကနေ့အထိဖြတ်တောက်ထားပါတယ်။ ဒါ့ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ဆေးဝါး၊ စက်သုံးဆီတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးနေသလို ဘဏ်လုပ်ငန်းတွေလည်း ရပ်တန့်နေတာကြောင့် ငွေသားရှားပါးမှု ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေကြရတာပါ။
အခုလိုအခက်ခဲတွေကြောင့် ငွေကြေးတတ်နိုင်တဲ့ ရခိုင်ဒေသခံတော်တော်များများဟာ နေရပ် စွန့်ခွာပြီးတော့ ပြည်မဘက်တွေကို ရွှေ့ပြောင်းအခြေချနေထိုင်လာကြပါတယ်။ AA သိမ်းပိုက်ထားတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တခုမှာ နေထိုင်တဲ့ မနှင်းနွယ်ကတော့ စားဝတ်နေရေး ခက်ခဲတာကို ရင်ဆိုင်ဖြေရှင်းနိုင်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို တော့ နေ့တိုင်းစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“ တိုက်ပွဲတွေ ဘာတွေ မရှိတော့ဘူး စီးပွားရေးတွေ ကျပ်တည်းနေတယ်ဆိုရင်တောင် အဆင်ပြေ သလို ရုန်းကန်ပြီးတော့ နေထိုင်လို့ရတယ်ဆိုပေမယ့် ဒီလေကြောင်း အန္တရာယ်က ပိုဆိုးနေတယ်။ လက်ရှိမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အများကြီးလုပ်နေတယ်ဆိုတော့ ဒီကာလကို စားဝတ်နေရေး အခက်အခဲတွေအပြင် လေကြောင်းအန္တရာယ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ဖြတ်သန်းနေရတဲ့ အပိုင်းတွေရှိတယ်ပေါ့နော်။ ဒီနှစ်ကတော့ ရခိုင်တွေအတွက် အရမ်းကို ခက်ခဲတဲ့ နှစ်လို့ ပြောလို့ရတာပေါ့နော်၊ အသက်အန္တရာယ်တွေလည်း မလုံခြုံသလို စားဝတ်နေရေးတွေလည်း အရမ်းကျပ်တည်းတယ်၊ဘာမှ အဆင်မပြေတဲ့ နှစ်တနှစ်လို့ပြောရမှာပေါ့။”
ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကတော့ လက်ရှိ AA ထိုးစစ်ဆင်တိုက်ခိုက် နေတဲ့ အမ်း တောင်ကုတ် ဂွနဲ့ မောင်တောမြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတချို့ ပြေလည်လာနိုင်တယ်လို့ ပြောပါတယ်။
“အမ်းတို့ တောင်ကုတ်တို့ကို သိမ်းလိုက်ရင်တော့ ပြည်မနဲ့ ဆက်သွယ်တဲ့လမ်းတွေပြန်ပွင့် လာမှာ ဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း ကောင်းလာမယ်၊ ကုန်စျေနှုန်း အဆမတန်မြင့်တက်နေတာ တွေလည်း လျော့ကျသွားနိုင်တယ်။ ဒီဘက်မှာ နခခ(၅)လိုနေရာမျိုးကျသွားမယ်ဆိုရင်လည်း ဘင်္ဂလားဒေရှ့်နဲ့ ဆက်သွယ်ရေးတွေ သံတမန်ဆက်ဆံရေးတွေ စီးပွားရေး ဆက်သွယ်ရေးတွေ အကုန်လုံးကောင်းလာနိုင်တယ်။ ပလက်ဝ ဘက်ဆိုရင်လည်း အိန္ဒိယနဲ့အခြေအနေကောင်းတယ် အိန္ဒိယအစိုးရကလည်း ပူးပေါင်းဆောင်ရွက်လာနိုင်ခြေရှိတယ်။”
လက်ရှိမှာ အဆိုးရွားဆုံအခြေအနေနဲ့ရင်ဆိုင်နေရပေမယ့် လာမယ့်ကာလတွေမှာ အဆင်ပြေဖို့ မျှော်လင့်နေတယ်လို့လည်း ရခိုင်ဒေသခံ မနှင်းနွယ်က ပြောပါတယ်။
“ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက တိုက်ပွဲ ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ပြည်သူတွေ ဆိုတော့ ဘာပဲဖြစ်ဖြစ် အဆုံးမှာ ပြည်သူတွေအတွက် အဆိုးဆုံး အခြေအနေတခုပြီးရင် အကောင်းဆုံးအခြေအနေတခု ပြန်ရောက်လာမယ်လို့ မျှော်လင့်တာပေါ့နော်။ တိုက်ပွဲတွေ ပြီးသွားရင် စီးပွားရေးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ သက်ဆိုင်ရာ အာဏာပိုင်တွေက အကောင်းဆုံးအခြေ အနေတခုကို ပြည်သူတွေ အတွက် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်တယ်။ အခုလို ဆိုးရွားတဲ့ ကာလမှာတော့ ပြည်သူတွေက အား တင်းပြီး ခံနေရတာပေါ့။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ တနှစ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေ စစ်ကောင်စီလေကြောင်းက ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ဝဝ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ ရခိုင်အခြေစိုက် Development Media Group(DMG) သတင်းဌာနကကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားတာပါတယ်။ ဒီစာရင်းဟာ DMGက လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ စာရင်း သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် အရပ်သား သေဆုံးမှုတွေ တိုးလာနေသလို ဒေသခံ ၇ သိန်းနီးပါး အိုးအိမ်စွန့်ခွာနေရဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေ သူတွေ ကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Forum