သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဗုံးကြဲလို့ ရခိုင်ပြည်နယ်ပေါက်တော အရပ်သားတွေထိခိုက်


စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို ကြာသပတေးနေ့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်တွင်း အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို မကြာခဏဆိုသလို လေကြောင်းက ပစ်ခတ်မှု လုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။


ရခိုင်ပြည်နယ်က AA ထိန်းချုပ် မြို့နယ်တွေမှာနေထိုင်တဲ့ ဒေသခံတွေဟာ မိုင်းနဲ့စစ်ကျန် လက်နက်တွေ ပေါက်ကွဲမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေနဲ့လည်း နေ့စဉ်ဆိုသလို ရင်ဆိုင်နေကြရတာပါ။

ကြာသပတေးနေ့ကလည်း ပေါက်တောမြို့နယ်က ကျေးရွာ ၆ ရွာလောက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ အလုံး ၄၀ နီးပါး ကြဲချခဲ့တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့တာရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပေါက်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ ညီမ သိသလောက်ကတော့ စစ်ကောင်စီက ပေါက်တောမှာရှိတဲ့ အလယ်ဖရုံကာကျွန်းတို့ ဆင်တက်မော် တို့ကို ဗုံးအလုံးရေ ၄၀ လောက် ကြဲချခဲ့တယ် ဆိုပြီးတော့မှ သိရတယ်။ ရွာကတော့ ၆ ရွာလောက်ကို ဗုံးကြဲသွားတာလို့ သိရတယ်။ ဗုံးစတွေ ထိမှန်ပြီးတော့ ဒဏ်ရာရတဲ့သူ များတယ်လို့ သိရတယ်ပေါ့နော် အရေအတွက်တော့ မသိဘူးပေါ့နော်၊ လူတွေ ပြောကြတာက လူအယောက် ၅၀ လောက်အထိ ဒဏ်ရာရတယ် ဆိုပြီးတော့လည်း ပြောကြတာပေါ့နော်။”


ရခိုင်အခြေစိုက်သတင်းဌာန တွေမှာတော့ သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ နီးပါးအထိ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူတွေနဲ့ ပတ်သတ်ပြီး အာရက္ခတပ်တော် AA ဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးသလို ရခိုင်ဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဗွီအိုအေအနေနဲ့လည်း သီးခြား အတည်ပြုလို့ မရသေးပါဘူး။

လေကြောင်းဗုံးကြဲခံရတဲ့ ပေါက်တောမြို့နယ်ဟာ လက်ရှိ နှစ်ဘက်တိုက်ပွဲတွေ ရှိနေတဲ့ စစ်တွေမြို့အနီးမှာ တည်ရှိတာြဖစ်ပြီး ပေါက်တောမြို့နယ်ကနေ AA တပ်ဖွဲ့ဝင်တွေ စစ်တွေကို ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် ရမ်းသန်းဗုံးကြဲတာ ဖြစ်နိုင်တယ်လို့လည်း ပေါက်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ စစ်တွေကျတော့ ပေါက်တောနားမှာ ရှိတာပေါ့နော် ပေါက်တောနဲ့ဆို တဘက်ကမ်း အနေအထားမျိုး ဖြစ်တယ်ပေါ့နော် ဆိုတော့ ညီမထင်တာကတော့ AA တွေက ပေါက်တောက ရွာတွေမှာ ရှိနိုင်တယ်ဆိုပြီးတော့ သံသယနဲ့ ဗုံးကြဲတာလို့ ထင်ပါတယ် ဟုတ်ကဲ့။”

ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ
ရခိုင်ပြည်နယ် ပေါက်တောမြို့ တိုက်ပွဲတခုအတွင်းတွေ့ရတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ

စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း ဒီကနေ့အထိ ရှိနေကြတာပါ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ အကုန်ပိုင်း လောက်ကစပြီး တကြော့ပြန် တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ မာန်အောင်နဲ့ စစ်တွေ မြို့နယ်တွေလောက်သာ သိမ်းပိုက်ရန် ကျန်ရှိနေပြီး အဲဒီထဲက စစ်တွေမြို့နယ်ကို AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG