စစ်အာဏာသိမ်းလေးနှစ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လုပ်ငန်းတွေအားလုံး အဆိုးရွားဆုံးအခြေအနေကိုရောက်သွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ တိုက်ပွဲတွေ တကျော့ပြန်ချိန်မှာ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်လိုက်တာကြောင့် ဒေသတွင်း စားနပ်ရိက္ခာပြတ်လပ်တာတွေနဲ့ ဆေးဝါး ရှားပါးမှု ဒဏ်တွေကိုလည်း ဒေသခံတွေ ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေနေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဒုတိယ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်တခုအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်ပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေအားလုံးဟာ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေကို ရောက်သွားတယ်လို့ ရခိုင် ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာမသိမ်းခင်ထဲက စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ယာယီရပ်ဆိုင်းခဲ့ပေမဲ့ အာဏာသိမ်းပြီး ၂ နှစ် အကြာ ၂၀၂၃ ခုနှစ်မှာတော့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ ကုန်လမ်းရေလမ်းအားလုံးကို ပိတ်လိုက်တာ ကြောင့် ဒေသတွင်း လူမှုစီးပွားလုပ်ငန်း အားလုံးရပ်တန့်သွားခဲ့တယ်လို့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။
“ ၂၀၂၁ ခုနှစ် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေက မြန်မာနိုင်ငံမှာ ပထမဆုံး ကျဆင်းတဲ့ထဲမှာ ပါတာပေါ့။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသထဲမှာရှိနေတယ်ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာ တဲ့စစ်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံရတာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ ကုန်စည်စီး ဆင်းမှု ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေ ကြားမှာ ရခိုင်ပြည်သူတွေဟာ အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့ရတာြဖစ်တယ်။ နောက်တချို့လုပ်ငန်းရှင်ကြီးတွေဆိုရင်လည်း လုပ်ငန်းတွေ ရပ်တန့်သွားတာရှိတယ်။ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းတွေလည်း ပိတ်သွားတာရှိတယ်။ နောက် ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေလည်း ပိတ်သွားတော့ အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်လို့ ပြောလို့ရတာပေါ့။”
လက်ရှိမှာ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ မြို့နယ်သာမက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့ပါတယ်။ ဒီလို စစ်ရေးအရ အနိုင်ရနေပေမယ့် AA အနေနဲ့ ရခိုင်ပြည်နယ်ထဲက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးစတဲ့ အစစ ထိန်းချုပ် လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ စားနပ်ရိက္ခာပြတ်လပ်တာတွေ ဆေးဝါးပြတ် လပ်တာတဲ့ဒဏ် ရင်ဆိုင်နေရတဲ့ အခြေအနေကိုတော့ ရခိုင်ဒေသခံ တဦးက အခုလို ပြောပါတယ်။
“တချို့ဆိုရင် ဆန်ပြုတ်သောက်ရတဲ့ အဆင့်ရောက်သွားတယ်။ တချို့ဆိုရင် ဆန်ပြုတ်မသောက်နိုင်လို့ တရက် ထမင်းတနပ်ပဲစားပြီး အသက်ရှင်ရုံလေး ရုန်းကန်နေရတာရှိတယ်၊ တချို့ဆို အာဟာရပြတ် ပြီးတော့ သေဆုံးသွားတာ တောင်ရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေဆိုရင်လည်း အာဟာရ ချို့တဲ့,တဲ့ဒဏ်တွေ၊ နောက် ဆေးဝါးမလုံမလောက်ဖြစ်လာတဲ့ဒဏ်တွေကို ခံကြရတယ်။ တချို့ ဝမ်းရောဂါြဖစ်တာတွေ၊ ယားနာတွေပေါက်လာတာရှိတယ်၊ ဒါပေမယ့် ဒီဟာတွေအတွက် ဒေသတွင်း မှာလည်း ဆေးမရှိဘူး။ တခြားကိုသွားပြီးတော့ ဆေးကုနိုင်လောက်တဲ့ အနေအထားလည်း မတွေ့ရဘူး၊ ဆိုတော့ ကျန်းမာရေးပိုင်းဆိုင်ရာလည်း ဆိုးဆိုးရွားရွားကြုံတွေ့ရတယ်။ ဒေသတွင်း ပြည်သူ အားလုံးဟာ ဒီဒဏ်ကိုခံကြရတယ်။”
တိုက်ပွဲတွေတကျော့ပြန် စတင်ခဲ့တဲ့နေ့ကနေ အခုအချိန်ထိ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ ခရီးသွားလာမှုတွေကို ပိတ်ဆို့ထားသလို၊ ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးတွေ ကိုလည်း ဒီကနေ့အထိဖြတ်တောက်ထားပါတယ်။ ဒါ့ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း အခြေခံစား သောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးနေသလို ဘဏ်လုပ်ငန်းတွေလည်း ရပ်တန့်နေတာကြောင့် ငွေသားရှားပါးတဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။
“ရခိုင်မှာက အင်တာနက်ရော၊ ဖုန်းလိုင်းရော ပြတ်နေတော့ ပိုက်ဆံပြတ်လပ်တာတွေ အများကြီးရှိလာ တယ်။ ရခိုင်မှာနိုင်ငံခြားထွက်တဲ့ သူတွေ အရမ်းများတယ်၊ တချို့ဆိုရင်နိုင်ငံခြားက ငွေလွှဲငွေထုတ်လုပ် လို့မရတော့တဲ့အခြေအနေမှာ ပိုပြီးတော့ ကြပ်တည်းလာတဲ့အခြေအနေရှိတယ်။ ဆိုတော့ အဲလို ငွေသားလည်ပတ်မှုလျော့နည်းသွားတော့ ငွေသားပြတ်လပ်မှုပေါ် မှာမူတည်ပြီးတော့ ဒေသခံတွေ ပိုကြပ်တည်းလာတယ်။ အရင်က နှစ်ရက်တခါလောက် အသားငါးတွေ ဝယ်စားနိုင်တဲ့ မိသားစုတွေ တောင် တပတ်မှာတခါလောက်ပဲ ဝယ်စားနိုင်တော့တယ်။ ပြောရမယ်ဆိုရင် ဆီဆားတွေကအစ ချွေတာပြီးတော့ စားနေရတဲ့ အခြေအနေရောက်သွားတာပေါ့။”
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက AA အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားတာမရှိတော့ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိတဲ့အတွက် ဒေသခံတွေ လေကြောင်း အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ အခြေခံစားသောက်ကုန်တွေကိုတော့ ရခိုင်ပြည်နယ်နဲ့ အနီးဆုံးမှာရှိ နေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ တရားမဝင် တင်သွင်းနေကြရပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါးဖြစ်နေတာကြောင့် ဒေသခံ နှစ်သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ်ရှိနေတယ်လို့ ၂၀၂၃- ၂၄ စစ်တမ်းကောက်ယူရရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း သတိပေးထားပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ သတိပေး ကြေညာချက် မှာတော့ မြန်မာနိုင်ငံအတွင်း လူဦးရေ ၁၅ သန်းလောက် ၂၀၂၅ ခုနှစ်အတွင်း စားနပ်ရိက္ခာ မလုံလောက် တဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေရှိတဲ့အကြောင်းဖော်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေနဲ့ အထူးသဖြင့် စစ်ကိုင်းဒေသတွေမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ရှားပါးမှုအခက်အခဲကို ကြုံတွေ့နေရပြီး လူဦးရေရဲ့ သုံးယောက်မှာတယောက်နှုန်း၊ နိုင်ငံလူဦးရေရဲ့ စုစုပေါင်း သန်း ၂၀ လောက် လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့အကြောင်း ကူညီထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ကိုးကား ဖေါ်ပြထားပါတယ်။
Forum