စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် ၆ သန်းကျော်လောက်ဟာ ကျန်းမာရေး ပညာရေးအပါအဝင် အစာအာဟာရ ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲအကြီး အကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ကလေးတွေ အလားတူပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံရဲ့လူဦးရေ ၃၅% ဖြစ်တဲ့ ပြည်သူ ၁၉ သန်းကျော်လောက်ဟာ လူသားချင်း စာနာထောက်ထားမှု အရေးပေါ်အကူညီတွေ အပြင်းအထန်လိုအပ်နေပြီး အဲဒီထဲမှာ ကလေးသူငယ် ၆ သန်းကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်းလောက်က တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးတင်သွင်းခွင့်တွေကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ပြည်တွင်းဆေးဝါးနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။
အခုလိုအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေး ထိုးမပေးနိုင်တဲ့အတွက် မိခင်တွေကြား စိုးရိမ်မှုတွေရှိနေတယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“ရခိုင်မှာကကျတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ နောက်ပိုင်းပေါ့နော်၊ ၂၀၂၄ ဇန်နဝါရီလကတည်းက မွေးကင်းစကလေးကနေ ၂ နှစ်အရွယ်ထိ သူတို့က ကာကွယ်ဆေး လုံးဝမထိုးရတဲ့ အနေအထားရှိတယ်၊ တချို့ ကန့်သတ် အသက်အရွယ်ထက် ကျော်လွန်သွားတဲ့ ကလေးတွေလည်း အများကြီးတွေ့ရတယ်။ ကျေးရွာတွေမှာရော မြို့ပေါ်နေ ဒေသခံတွေရော အကုန်လုံးပေါ့နော် ဒေသခံ ကလေးတွေကတော့ ကာကွယ်ဆေး လုံးဝမထိုးရဘူး။”
အာရက္ခတပ်တော် AA ဘက်ကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာ ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေတာတွေ ရှိပေမယ့်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင် တာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံက ကလေးငယ် ၁ သန်းကျော်လောက်ဟာ ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံ တိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး လုံးဝမရရှိတဲ့ကလေး အများဆုံးရှိတဲ့ နိုင်ငံတခုဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ဆိုပါတယ်။
လက်ရှိမှာတော့ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ ကျေးရွာရပ်ကွက် စတဲ့ နေရာတော်တော်များများမှာ ကလေးသူငယ်တွေကြား အရေပြားနဲ့ ဝမ်းရောဂါဖြစ်တာတွေ ရှိနေတယ်လို့ ရခိုင်ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
“ပြီးခဲ့တဲ့ သုံးလေးလလောက်ကတော့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမယ်ဆိုပြီးတော့ သတင်းတွေ ကြားလိုက်ရတယ်၊ ဒါပေမယ့် အဲဒါကတော့ အထမမြောက်သေးဘူး၊ ဒီကနေ့အချိန်ထိ ကလေးတွေက လုံးဝ မထိုးရသေးဘူး။ ကာကွယ်ဆေး မထိုးရတဲ့အတွက် တချို့မိခင်တွေ ဆိုလို့ရှိရင် သူတို့ကလေးတွေရဲ့ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ကြီးပြင်းလာတဲ့အခါမျိုးမှာ ကျန်းမာရေး ချူခြာမလား တခုခုဖြစ်သွားမလားဆိုပြီး အမျိုးမျိုး စိုးရိမ်ကြတယ်။ အခုဆိုရင် ကလေးတွေက ယားနာနဲ့ပတ်သက်ပြီးတော့ အများကြီးဖြစ်ကြတယ်။ အခုဆိုရင် ဝမ်းပျက်ဝမ်းလျှော နည်းနည်းဖြစ်တာ တွေ့ ရတယ်။ ဆိုတော့ အဲဒါက ကာကွယ်ဆေး မထိုးလိုက်ရလို့လားဆိုတဲ့ သံသယဖြစ်ကြတဲ့ အနေအထားရှိပါတယ်။”
အထူးသဖြင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ဆင်းရဲချို့တဲ့သူ ဒေသခံအများစုဟာ မသန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေ သုံးစွဲနေရတာကြောင့် ကာလဝမ်းရောဂါအပါအဝင် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်း လျှောရောဂါ ဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ လည်း UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ကာကွယ်ဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြတာကြောင့် အခက်ကြုံနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဆေးဝါး လုံလုံလောက်လောက်မရှိတော့ ကိုယ်ဝန်ဆောင်တွေမှာ အများကြီး စိုးရိမ်စိတ်ကတော့ ရှိတာပေါ့နော်။ ကိုယ်ဝန်ဆောင်ကာလမှာဆိုရင် ကာကွယ်ဆေးက နှစ်ကြိမ်ထိုးရတယ်။ ၆ လတကြိမ် ရယ်၊ နောက်ပြီးတော့ လရင့်တဲ့အချိန်မှာ တကြိမ်ပေါ့နော်။ အခု ညီမတို့ တွေ့ရတာကတော့ ကိုယ်ဝန် ဆောင်မိခင်တွေဆိုရင် ကာကွယ်ဆေး လုံးဝမထိုးရတဲ့ အနေအထားရှိတယ်။ ကိုယ်တိုင် ကြုံတွေ့လာရမလား အဲလို ဖြစ်လာမလား ဆိုပြီးတော့လည်း အများကြီး စိုးရိမ်မှုရှိပါတယ်။”
အခုလို ပဋိပက္ခတွေကြောင့် ကျန်းမာရေး ပညာရေး စားဝတ်နေရေးတွေ တနေ့ထက်တနေ့ ကြပ်တည်းလာနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ ကလေးငယ်တွေဟာ စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပြီး လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရောက်ရှိနိုင်ရေးနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာသင့်ကြောင်းလည်း ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့ (UNICEF) က တိုက်တွန်းထားပါတယ်။
Forum