သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဇန်နဝါရီလအတွင်း စစ်ဘေးရှောင် သုံးသောင်းကျော်ရှိခဲ့


စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြားတိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံများ စစ်ဘေးရှောင်နေကြသည့်မြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၄)
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြားတိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံများ စစ်ဘေးရှောင်နေကြသည့်မြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၄)

စစ်အာဏာသိမ်းမှု (၄) နှစ်တာရှိလာချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ သတင်းမီဒီယာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖေါ်ပြမှုတွေကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၅ ခုနှစ်ရဲ့ ပထမလ ဖြစ်တဲ့ ဇန်နဝါရီလ တလတာအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင်၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့်၊ အရပ်သားပြည်သူနေအိမ်အလုံးပေါင်း (၄၃၇) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်း မြို့ပေါင်း (၄၀) ထက်မနည်းကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှု ( ၇၄ ) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အဲ့ဒီအထဲက (၆၅) ကြိမ်ထက်မနည်းဟာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေလုပ်ဆောင်ရာမှာ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းတွေနဲ့ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာခဲ့တာတွေ့ရပါတယ်။

ဇန်နဝါရီလအတွင်း မကွေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသတွေက မြို့နဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု အများဆုံးလုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းအတွင်းမှာ အရပ်သားနေအိမ်အလုံးပေါင်း (၂၂၆) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး မန္တလေးနဲ့ စစ်ကိုင်း ဒေသတွေမှာ အရပ်သားနေအိမ်အလုံးပါင်း (၂၀၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူသေဆုံးမှုက ( ၁၅၄) ဦးထက်မနည်းရှိခဲ့ပြီး၊ (၁၇၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အရပ်သားပြည်သူထိခိုက်သေဆုံးမှု အနေeJY စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၁ ) ဦး၊ ပစ်ခတ်သတ်ဖြတ်မှုကြောင့် (၃) ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂) ဦး ရှိခဲ့တာကိုတွေ့ရပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် (၁၀) ဦးထက်ပိုတဲ့ အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ် (၂) ကြိမ်ရှိခဲ့တာကို တွေ့ရပါတယ်။ ဇန်နဝါရီလ (၈) ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ (၄၀) ကျော်သေဆုံးခဲ့ရပြီး ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က စန်လွန်ရွှေမှော် ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် (၁၅) ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။ မြောက်ဦးမြို့မှာ အရက္ခတပ်တော်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းများထားရှိတဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း (၂၈) ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုက ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း အကြိမ် (၂၆၀) ထက်မနည်းရှိခဲ့ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ဇန်နဝါရီလအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့သလို ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာလည်း အာရက္ခတပ်တော်(အေအေ) ပူပေါင်းတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာတာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတွေက မံစီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး တိုက်ပွဲများဖေါ်ဆောင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ကရင်ပြည်နယ်မှာလည်း ဖာပွန်မြို့နယ်အတွင်းက ကတိုင်တိစခန်းကို သိမ်းပိုက်နိုင်ရေး KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း စခန်းမကျရေး လေကြောင်းပစ်ကူများ အသုံးပြု၍ တိုက်ခိုက်ခဲ့ပါတယ်။ မကွေးတိုင်းအတွင်းမှာတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငဖဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်းတောင်ကြားလမ်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG