သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် (၂၀၀) နီးပါး AA အဖွဲ့ ပြန်လွှတ်


အာရက္ခဒေသတိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေထဲက တချို့နဲ့ မိသားစုဝင်တွေကို အာရက္ခတပ်တတော် AA က အခမ်းအနားနဲ့ပြန်လွှတ်ပေးတဲ့သတင်းဓာတ်ပုံ။ (Crd: AA Info Desk)
အာရက္ခဒေသတိုက်ပွဲတွေအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေထဲက တချို့နဲ့ မိသားစုဝင်တွေကို အာရက္ခတပ်တတော် AA က အခမ်းအနားနဲ့ပြန်လွှတ်ပေးတဲ့သတင်းဓာတ်ပုံ။ (Crd: AA Info Desk)

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်းဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီအနက် (၂၀၀) နီးပါးကို ဒီကနေ့ပဲ AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်တွေမြို့တော်အပါအဝင် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေချိန်မှာပဲ ဒုရဲမှူးကြီးအဆင့်ရှိသူအပါအဝင် စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေး လိုက်တာပါ။ ရခိုင်ပြည်နယ် စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် တနှစ်ကျော်ကြာ တိုက်ပွဲတွေအတွင်း မြို့နယ်ပေါင်း (၁၇) ခုထဲက (၁၄) ခုကို ထိန်းချုပ် လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မိသားစုဝင်ရာနဲ့ချီဖမ်းဆီးမိခဲ့ကြောင်း အာရက္ခတပ်တော် AA အဖွဲ့က ကြေညာထားပါတယ်။ ဖမ်းဆီးထားသူတွေကို AA အဖွဲ့က ပြန်လွှတ်ပေးနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဒုရဲမှူးကြီးတဦးအပါအဝင် စစ်သုံ့ပန်း( ၂၀၀) နီးပါးကို ပြန်လွှတ်ပေးလိုက်တယ်လို့ AA အဖွဲ့နဲ့ နီးစပ်သူ တွေက VOA ကို အတည်ပြု ပြောပါတယ်။ ဒုတိယအကြိမ် သုံ့ပန်းတွေကိုပြန်လွှတ်ပေးတာဖြစ်ပြီး AA အဖွဲ့က တရားဝင် ထုတ်ပြန်တာတော့ မရှိပါဘူး။

ပြန်လွှတ်ပေးလိုက်သူတွေဟာ စစ်ကောင်စီထိန်းချုပ်အောက်မှာမရှိတဲ့ မြို့နယ်တွေမှာနေထိုင်သူတွေ ဖြစ်တယ်လို့လည်း ရခိုင်စစ်ရေး စောင့်ကြည့်နေသူတဦးက VOA ကို ပြောပါတယ်။

“စစ်ဘက်ဆိုင်ရာ ဒုရဲမှူးကြီးတဦးအပါအဝင် အကုန်လုံးဆိုရင်တော့ လူပေါင်း( ၂၀၀) လောက်တော့ရှိ တယ်။ အကုန်လုံးကို လွှတ်ပေးလိုက်တာ။ အဓိကတော့ အခုလွှတ်ပေးလိုက်တဲ့လူတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်နဲ့ကင်းစင်တဲ့ နယ်မြေတွေကလူတွေ။ သူတို့ကဘာလဲဆိုတော့ အမျိုးသားတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေက သူတွေကို လွှတ်လိုက်တာပါ။”

အာရက္ခတပ်တော် AA ဘက်က ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်းတွေထဲမှာ အမျိုးသားတွေထက် အမျိုးသမီးနဲ့ကလေးတွေ အများဆုံးပါဝင်တာတွေ့ရတယ်လို့လည်း နီးစပ်သူတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း စစ်သုံ့ပန်း (၁၄၀) ကျော်ကို AA ဘက်က လွှတ်ပေးခဲ့ ဖူးပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေ၊ အရာရှိတွေနဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီး စစ်သုံ့ပန်းအဖြစ် AA ဘက်က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ အရေအတွက်အတိအကျကိုတော့ AA အာရက္ခတပ်တော်က ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီ ဘက်ကလည်း တစုံတရာ ပြောဆိုတာ မရှိပါဘူး။ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးထားပြီး အချိန် အတိုင်းအတာတခုရောက်ရင် ပြန်လွှတ်ပေးသင့်သူအားလုံးကိုပြန်လွှတ်ပေးမယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။

တချိန်တည်းမှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ မြို့ကိုလည်း AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်၊ စစ်တွေမြို့နားမှာ နှစ်ဘက်တိုက်ပွဲ အခြေအနေ ရခိုင်ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“မနေ့ကတော့ တိုက်ပွဲ တအားပြင်းတယ်လို့ သိရတယ်။ ဒါပေမဲ့ မြို့ပြင်လောက်ပဲ။ မြို့ထဲကိုတော့ မရောက်သေးဘူးပေါ့။ အခုက မြို့ပြင်အနီးတဝိုက် ကျားမသောက်တို့၊ ပါဒလိပ်တို့ ရေချမ်းပြင်တို့ မှာပေါ့၊ စစ်ကောင်စီခစန်းတွေက လက်နက်ကြီးတွေ ပစ်တယ်။ AA ဘက်ကလည်းသူတို့ တပ်စွဲထားတဲ့ နေရာတွေက လက်နက်ကြီးတွေနဲ့ ပစ်တယ်ဆိုပြီးတော့ သိရတယ်ပေါ့နော်။”

လက်ရှိမှာတော့ စစ်တွေမြို့အပြင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က ထိုးစစ်ဆင် နေတာြဖစ်ပေမယ့် စစ်တွေမြို့အတွင်းမှာနေထိုင်သူတွေကြား လုံခြုံရေးစိုးရိမ်မှုတွေရှိနေကြတာပါ။ စစ်ကောင်စီဘက်ကတော့ မြို့တွင်းမှာရှိနေတဲ့ ဒေသခံပြည်သူတွေကို ခရီးသွားလာခွင့်တွေကို ပြီးခဲ့တဲ့ လတွေကတည်းက ပိတ်ဆို့ထားပါတယ်။

“စစ်တွေဒေသခံတွေကတော့ အစကတည်းက ပိတ်မိနေတာပေါ့နော်။ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ပိတ်ဆို့ထားတဲ့အခြေအနေ မိုင်းထောင်ထားတာတွေ ရှိနေတော့လေ၊ သူတို့မှာ စားဝတ်နေရေး ခက်ခဲနေသလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်းမရှိကြတော့ ငတ်နေသူတွေရှိတယ်ဆိုပြီးတော့ သိရတာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလကုန်ပိုင်း လောက်ကစပြီး တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို AA ဘက်က သိမ်းပိုက်ထားနိုင်ပြီး ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါသေးတယ်။ အဲဒီမြို့နယ်တွေရဲ့ မြို့ပြင်ကျေးရွာတချို့ကို တော့ အာရက္ခတပ်တော် AA ကပဲ ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG