သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်သုံ့ပန်း ၂ ဦး သတ်ဖြတ်ခံရမှု အရေးယူခဲ့"ဟု AA တုံ့ပြန်


အာရက္ခတပ်တော်အနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်
အာရက္ခတပ်တော်အနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော် AA ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)အနေနဲ့ စုံစမ်းစစ်ဆေးဖို့နဲ့ AA တပ်ဖွဲ့ဝင်တချို့က စစ်သုံ့ပန်းနှစ်ဦးကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်နဲ့အတူ Fortify Right က မနေ့က ထုတ်ပြန် တောင်းဆိုလိုက်တာပါ။ အာရက္ခတပ်တော် AA ဘက်က အောက်ခြေတပ်သားတချို့ စစ်စည်းကမ်းချိုးဖောက်တာတွေရှိခဲ့သလို ပြစ်မှု ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူတာတွေ လုပ်ဆောင်ထားပြီးသား ဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အာရက္ခတပ်တော် AA အနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိနေပြီး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့ကြီးက တိုက်တွန်းပါတယ်။ သူတို့ ရထားတဲ့ ဗွီဒီယိုမှတ်တမ်းတခုမှာ AA စစ်သားတချို့နဲ့ အရပ်ဝတ်လူတွေက လူ ၂ ဦးကို နှိပ်စက်ညှဉ်းပန်း နေတာကိုတွေ့ရပြီး အဲဒီလူ ၂ ဦးလည်း နောက်ဆုံး သေဆုံးသွားပုံရတယ်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာပါတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကျောက်တော် စကခ ၉ တပ်မ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်နေတဲ့ ကာလအတွင်းမှာ AA တပ်သားတချို့က ကျုးလွန်ခဲ့တာဖြစ်ပြီး ကျုးလွန်သူတွေကို အပြစ်ပေး အရေးယူတာတွေ လုပ်ဆောင်ထားပြီးပြီလို့ အာရက္ခတပ်တော် AA ရဲ့ ပြောခွင့်ရ ခိုင်သုခက VOA ကိုပြောပါတယ်။

“ အခု ဖြစ်ခဲ့တဲ့ ဗွီဒီယိုဆိုလို့ရှိရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ဖြစ်ခဲ့တာပေါ့နော် အထူးသဖြင့် ကျောက်တော် မြို့နယ်ထဲက စကခ ၉ တပ်မဌာနချုပ်ကို ကျနော်တို့ ထိုးစစ်ဆင် တိုက်ခိုက်တဲ့ကာလ အတွင်းမှာ ဒီလိုမျိုး စစ်စည်းကမ်း ချိုးဖောက်ပြီးတော့မှ ပြစ်မှုကျုးလွန်ခဲ့တာတွေ ဖြစ်ခဲ့တာ၊ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နိှပ်စက် သတ်ဖြတ်ထားတဲ့ မြန်မာအကြမ်းဖက် စစ်သားတွေကို သူတို့ ဖမ်းမိတဲ့ အချိန်မှာပေါ့နော်၊ ကျနော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသကို မထိန်းနိုင်ပဲ အခုလို လက်စားချေတဲ့ ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှု ကျူးလွန်ခဲ့တာဖြစ်ပါတယ်၊ ဒါ့ကြောင့် ဒီဖြစ်စဉ်မှာပါခဲ့တဲ့ အောက်ခြေ တပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူ အားလုံးကို ကျနော်တို့ ဖော်ထုတ်ပြီးတော့ အပြစ်ပေး အရေးယူထားပြီ ဖြစ်ပါတယ်။”

ဒါ့အပြင် အာရက္ခတပ်တော် AA အနေနဲ့ အခုလို ဥပဒေမဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို လက်မခံသလို နောက်ထပ် မဖြစ်ရအောင်လည်း ထိန်းကျောင်းသွားမယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲကာလ ဆယ်နှစ်လောက်အတွင်းမှာ ဒီလိုဖြစ်စဉ်တွေ တခါတလေ ပေါ်ပေါက်ခဲ့တာတွေ ရှိပါတယ်၊ ဒီဟာတွေ အတွက်လည်း ထိထိရောက်ရောက် အရေးယူအပြစ်ပေး ထားပြီးဖြစ်ပါတယ်၊ တချို့ ကိစ္စတွေကတော့ ရန်သူဘက်က အကွက်ကျကျ ဖန်တီးတဲ့ လုပ်ဇာတ်တွေက များပါတယ်၊ ကျနော်တို့ အာရက္ခတပ်တော်အနေနဲ့ စစ်သည်တော် ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး ကျင့်ဝတ်တွေကို လိုက်နာဖို့ အတွက် သင်တန်းမှာ ကတည်းက စနစ်တကျ ပို့ချထားတာရှိသလို စစ်မြေပြင်မှာလည်း လိုက်နာလုပ်ဆောင်ဖို့ အတိအကျ ညွန်ကြားထားတာရှိပါတယ်၊ အကောင်းဆုံးလည်း လိုက်နာဆောင်ရွက်လျက် ရှိပါတယ်။”

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်တကျော့ပြန် တိုက်ပွဲ တနှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ်က မြို့နယ် ၁၄ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားသလို ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ပွဲအတွင်းဖမ်းဆီးထားတာပါ။ လက်ရှိမှာတော့ သူတို့ကို ဆေးဝါးကုသမှုပေးပြီး ကောင်းကောင်း မွန်မွန် ပြုစုစောင့်ရှောက်ထားတယ်လို့လည်း ခိုင်သုခကဆက်ပြောပါတယ်။

“ ဒီကိစ္စ တခုတည်းကို ကြည့်ပြီးတော့ ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ထားတာကို မမေ့ဖို့ လိုပါတယ်၊ မြင်အောင်ကြည့်ဖို့လည်း လိုပါတယ်၊ ဒီကိစ္စဟာ ကျနော်တို့ရဲ့ မူဝါဒနဲ့ လုံးဝ ဆန့်ကျင်ပါတယ်။ ဒီလိုမျိုး ဉပဒေမဲ့ သတ်ဖြတ်တာတွေကို ကျနော်တို့ လုံးဝ လက်မခံပါဘူး၊ ကျူးလွန်တဲ့သူ မှန်သမျှကိုလည်း အရေးယူအပြစ်ပေးသွားမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီလို ကိစ္စမျိုး နောက်ထပ်မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီးတော့ ဆက်လက် တိုက်ပွဲဝင်သွားမှာြဖစ်ပါတယ်။”

ရခိုင်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲကာလအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန် ဆက်ဆံမှုနဲ့ ပတ်သက်လို့ AA ကို ဝေဖန်မှုတွေရှိနေပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့ကြတယ်လို့ AA ဖက်က တုံ့ပြန်ထားပါတယ်။ ရခိုင်ပြည်တွင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က ICC တရားရုံးကို တင်သွင်းထားပါတယ်။

Forum

XS
SM
MD
LG