ရခိုင်မှာ AA အာရက္ခတပ်တော် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ဆောင်ရွက်နေတဲ့ Fortify Rights အဖွဲ့ကြီးက တိုက်တွန်းပါတယ်။ သူတို့ရထားတဲ့ ဗွီဒီယိုမှတ်တမ်းတခုမှာ AA စစ်သားတချို့နဲ့ အရပ်ဝတ်လူတွေက လူ ၂ ဦးကို နှိပ်စက်ညှဉ်းပန်း နေတာကိုတွေ့ရပြီး အဲဒီလူ ၂ ဦးလည်း နောက်ဆုံး သေဆုံးသွားပုံရတယ်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဗွီဒီယိုပါ အဖြစ်အပျက် ဘယ်နေရာမှာ ဖြစ်လဲဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ဒီဗွီဒီယိုဟာ အစစ်အမှန် ဖြစ်တယ်ဆိုတာ သူတို့ ဆန်းစစ်တွေ့ရှိထားတယ်လို့လည်း ပြောပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ AA တပ်သားတချို့ ကျူးလွန်ကြောင်း ဝန်ခံပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူခဲ့ပြီး ဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက နိရဉ္စရာ သတင်းဌာနကို ပြောထားပါတယ်။ AA အနေနဲ့ ဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို လက်မခံဘဲ နောင်ထပ်မဖြစ်အောင် ထိန်းကျောင်းသွားမယ်လို့လည်း AA ပြောခွင့်ရသူက နိရဉ္စရာ သတင်းဌာနကို ပြောထားပါတယ်။ Fortify Rights ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ AA ပြောခွင့်ရ ပြောတာကို ကိုးကားထည့်သွင်းထားပါတယ်။
ရခိုင်မှာ AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲကာလအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန် ဆက်ဆံမှုနဲ့ ပတ်သက်လို့ AA ကို ဝေဖန်မှုတွေရှိနေပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့ကြတယ်လို့ AA ဖက်က တုန့်ပြန်ထားပါတယ်။ ရခိုင်ပြည်တွင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်က ICC တရားရုံးကို တင်သွင်းထားပါတယ်။
Forum