သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ချောင်းသာနဲ့ ငွေဆောင်ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင် 


ယခင်မှတ်တမ်းရုပ်ပုံ | ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေ
ယခင်မှတ်တမ်းရုပ်ပုံ | ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေ

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြားတိုက်ပွဲတွေ ဧရာဝတီတိုင်းအတွင်းထိ ကျယ်ပြန့်လာတာကြောင့် ချောင်းသာကမ်းခြေမှာရှိတဲ့ ပြည်သူတွေ စိုးရိမ်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေသလို ဟိုတယ်တချို့လည်း ပိတ်ပြီး ပစ္စည်းတွေ ပြောင်းရွှေ့နေပါတယ်။ ငွေဆောင်ကမ်းခြေမှာလည်း ဒီရက်ပိုင်းမှာ ခရီးသည်အဝင် သိသိသာသာကျဆင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ချောင်းသာနဲ့ ငွေဆောင်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပုသိမ်မြို့နယ် ဘောမိရွာကို ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်ကလည်း ရွှေသောင်ယံမှာ စစ်အင်အားတိုးမြှင့်ချထားတဲ့၊ စစ်ရေးအရ တင်းမာနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောကမှာ ချောင်းသာက ဒေသခံတွေ နေရပ် စတင် စွန့်ခွာနေကြတာပါ။
ချောင်းသာမှာ နေထိုင်တဲ့ အမျိုးသမီးတယောက်က စစ်ရေးအခြေအနေ စိုးရိမ်တာကြောင့် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ အမကြီးတို့လည်း ရွာကို ပြန်ကြတော့မှာလေ။ အခု ကားပေါ်တောင်တက်နေကြပြီ။ ကားစီးလုံးငှားပြီးတော့ ပြန်ကြတာပေါ့။ အကုန်လုံးလူတွေလေ။ ချောင်းသာထဲကပဲ။ ဘာမှတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကြောက်ကြောက်လန့်လန့်နဲ့ သွားကြတာပဲရှိတယ်။ ဘာမှတော့ မဖြစ်ပါဘူး ချောင်းသာမှာလည်း လေ။ ဘာမှတော့ မဖြစ်သေးဘူး။ ”

အခြားချောင်းသာ ဒေသခံတဦးကလည်း လူတွေ နေရာပြောင်းရွှေ့တာရှိသလို ဟိုတယ်တွေလည်း ပစ္စည်းတွေ ပြောင်းရွှေ့နေတဲ့အကြောင်းနဲ့ ခရီးသည် အဝင် လျော့ကျနေကြောင်း ပြောပါတယ်။

“ လူတွေကလည်း တချို့ စိတ်မချလို့ သက်ကြီးရွယ်အိုတွေ ဘာတွေ အဲလိုပေါ့။ မိသားစုများတဲ့သူတွေ အဲလို ပြောင်းကြ ရွှေ့ကြတယ်။ ဟိုတယ်တွေလည်း သိမ်းတဲ့ ဟိုတယ်တွေက ပစ္စည်းတွေ အကုန်ကို သိမ်းပစ်လိုက်တာ။ ဒါပေမဲ့ သူတို့က အဖွင့်တော့ ပြထားတယ်။ ပိတ်တာတော့ မဟုတ်ဘူး။ ဖွင့်ထားသေးတယ်။ ဒါပေမဲ့ ပစ္စည်းတွေကတော့ ရွှေ့ကြတယ်။ ဝန်ထမ်းတွေလျှော့ အကုန် အဲလိုတော့ဖြစ်နေတယ်။ အဝင်လည်း သိပ်မရှိတော့ဘူး။ နည်းနည်းပါးပါးပဲ ဝင်တယ်။ ဝင်တောင် သိပ်မဝင်တော့ဘူး။ ”

ချောင်းသာကမ်းခြေဟာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေတဲ့ ရွှေသောင်ယံနဲ့ ၈မိုင်လောက်ပဲ ဝေးတဲ့ နေရာမှာ ရှိပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က အခြားထင်ရှားတဲ့ ကမ်းခြေတခုဖြစ်တဲ့ ငွေဆောင်ဘက်မှာလည်း ဒီရက်ပိုင်းမှာ ခရီးသည် အဝင်သိသိသာသာ လျော့ကျနေကြောင်း ငွေဆောင် ဒေသခံတဦးက ပြောပါတယ်။

“ ခရီးသည်တွေ ဝင်ရောက်မှုကတော့ အခုအချိန်ကတော့ နည်းနည်းတော့ ပါးသွားတယ်။ဒါပေမဲ့ ဝင်တဲ့ ခရီးသည်တွေလည်း ရှိတယ်ဗျ။ အဝင်တွေလည်းလေ။ ပုံမှန်ထက်တော့ သိသာသွားတာပေါ့။ အရမ်းပါးသွားတယ်။ လိုင်းပေါ်တွေမှာကျတော့လည်း အကိုရယ် သိတဲ့အတိုင်း ။ တင်တာတွေက သတင်းတွေကလည်း မဟုတ်တာတွေရော၊ ဟုတ်တာတွေရောဆိုတော့ တချို့ဧည့်သည်တွေကျတော့လည်း သူသူကိုယ်ကိုယ်ပေါ့ ၊ ဒီလိုမျိုး သတင်းတွေ ကြားနေကြတော့ မလာရဲကြတာလည်း ပါတာပေါ့။ ”

ငွေဆောင်ကမ်းခြေက ဟိုတယ်တွေမှာတော့ ပစ္စည်းပြောင်းရွှေ့တာမျိုးတော့ မတွေ့ရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

AA အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဂွမြို့ကို သိမ်းယူပြီးနောက်ပိုင်း ဧရာဝတီတိုင်း ရွှေသောင်ယံမြို့က မကျီးဇင်ရွာအနီးမှာ ဒီလ ၁၆ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့သလို၊ ဒီလ ၁၉ ရက်နေ့မှာလည်း ဘောမိရွာကို AA အဖွဲ့က သိမ်းယူခဲ့တာပါ။

ဒီလို ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို သွားရောက်လည်ပတ်မယ့် သူတွေ ခရီးစဉ်အတော်များများ ဖျက်သိမ်းခဲ့ကြသလို ချောင်းသာကမ်းခြေမှာရှိတဲ့ ပြည်သူတွေ စိုးရိမ်ပြီး ပြောင်းရွှေ့နေကြတာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG