သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်စည်စီးဆင်းမှုရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်မှာ ဈေးနှုန်းတွေအဆမတန် မြင့်တက်


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့ ဈေးတခုမှာ ငါးခြောက်ရောင်းချနေသူများ (မတ် ၃၊ ၂၀၁၇)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် စစ်တွေမြို့ ဈေးတခုမှာ ငါးခြောက်ရောင်းချနေသူများ (မတ် ၃၊ ၂၀၁၇)

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာကနေ ဒီကနေ့အထိ ရခိုင်ပြည်တွင်း တရားဝင်ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေဆဲဖြစ်ပြီး ကုန်ပစ္စည်းရှားပါး တာတွေနဲ့ ဈေး နှုန်းအဆမတန်မြင့်တက်တာတွေကို ဒေသခံတွေအနေနဲ့ လပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။ ဒီရက်ပိုင်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေက ကုန်ပစ္စည်းတချို့ ဝင်လာတဲ့အတွက် အခြေခံစားကုန်တချို့ ရောက်လာပေမဲ့ စားဝတ်နေရေး အခက်အခဲတွေတော့ ကြုံနေရဆဲပဲလို့ ဒေသခံ တွေ ကပြောပါတယ်။ ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှု အခြေအနေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။​

ရခိုင်ပြည်နယ်ဟာ ဒေသတွင်း အခြေခံစားသောက်ကုန်တွေအတွက် ပြည်မကို အဓိက မှီခိုနေရတဲ့ ပြည်နယ်တခုဖြစ်ပြီး တကြော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာကနေ ဒီကနေ့ အထိ ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေအားလုံးကို စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်နယ်အတွင်းမှာ ကုန်ပစ္စည်းရှားပါးတာတွေနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာတွေကို ဒေသခံတွေ လနဲ့ ချီရင်ဆိုင်နေကြရပါတယ်။

ဒါပေမဲ့လည်း ဒီလတွေအတွင်း ကုန်သည်တချို့က ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယက အခြေခံစားကုန်တချို့ကို လမ်းကြောင်းအမျိုးမျိုးနဲ့ တင်ပို့ခဲ့ကြပါတယ်။ ဈေးနှုန်းတွေလည်း အရင်နဲ့စာရင် အနည်းငယ် ဈေးကျလာတဲ့ကြောင်း ရခိုင်ဒေသခံ အမျိုးသမီးတဦး VOA ကို ပြောပါတယ်။

“ အခုနောက်ပိုင်းကတော့ ဘယ်လိုမျိုးဖြစ်နေလဲ ဆိုလို့ရှိရင် ဒီဘက်မှာက ဒီတလအတောအတွင်း ပေါ့နော် အခြေခံစားသောက်ကုန်တချို့ရဲ့ ဈေးနှုန်းတွေ ကျလာတာရှိတယ်ပေါ့နော်၊ ဘယ်လို ဟာတွေလဲ ဆိုရင်တော့ အချိုမုန့်တို့ ကြက်သွန်နီတို့ ကြက်သွန်ဖြူ ဂျင်းတို့အဲလိုဟာတွေဆိုရင် ဈေးနှုန်းတွေက ကျနေတာရှိတယ်။ ဒါပေမယ့်လည်း တပိသာဈေးက တပိသာဆိုရင် နှစ်ထောင်သုံးထောင်လောက်ပဲ ကျတာအဲတာမျိုးတွေ ရှိတယ်။”

ကုန်ဈေးနှုန်းကျဆင်းလာတယ်ဆိုပေမယ့် အခြေခံစားသောက်ကုန်တချို့လောက်သာ ကျဆင်းလာတာဖြစ်ပြီး ဆေးဝါးနဲ့ တခြား ပစ္စည်းတွေဈေးနှုန်းတွေကတော့ ဆက်လက် မြင့်တက်နေဆဲဖြစ် တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အခွင့်လမ်းတွေလည်း ရှားပါးနေသေးတာကြောင့် ဒေသခံတွေ ရပ်တည်ရေး ဆက်လက်ခက်ခဲ နေကြဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ အခြေခံ လက်လုပ် လက်စားတွေ အနေနဲ့ရော ပြီးတော့ လူလတ်တန်းစားအနေနဲ့ရော ကုန်ဈေးနှုန်းတွေ ကျဆင်းတဲ့ အပိုင်းကို မရောက်သေးတဲ့ အတွက်မို့လို့ အခက်အခဲကတော့ ရှိနေကြဆဲဖြစ်တယ်။ အဲဒီထဲမှာမှ အမျိုးသားမရှိပဲ အိမ်ထောင်ဦးစီးလုပ်နေရတဲ့ အမျိုးသမီးတွေကတော့ ပိုပြီးတော့ အခက်အခဲဖြစ်တယ်ပေါ့။”

လက်ရှိမှာတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိတဲ့ ဘူးသီးတောင်၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ တရားဝင်ဖွင့်လှစ် နိုင်ခြင်းမရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကို ရခိုင်ပြည်နယ်နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ခက်ခက်ခဲခဲ တင်သွင်းနေရဆဲ ဖြစ်တဲ့အကြောင်း ရခိုင်ကုန်သည်တယောက်က VOA ကို အခုလို ပြောပါတယ်။

“ ကုန်ကျစရိတ်တွေက တအားများတယ်လေ၊လမ်းခရီးတွေကလည်း တအားကြမ်းတော့ အခက်အခဲ တွေကတော့ မျိုးစုံပါပဲ၊ ကျနော်တို့ ဖြစ်စေချင်တာက လမ်းခရီးတွေကို ချော့မွေ့စေချင် တယ်၊ အဲတာမှ ပြည်သူတွေလည်း သက်သက်သာသာနဲ့ သုံးရမယ်၊ ကုန်သည်တွေလည်း သက်တောင့် သက်သာနဲ့ ခရီးသွားလို့ရတာပေါ့။”

အာရက္ခတပ်တော် AA ကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပြီလို့ ပြောဆိုထားပေမယ့်လည်း ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိ မတွေ့ရသေးပါဘူး။

ဒါ့အပြင် လက်နက်ကိုင် တိုက်ပွဲတွေ နှစ်နဲ့ချီကြာလာတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ရပ်တန့်နေတယ်ဆိုပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြောဆိုထားပါတယ်။ ပဋိပက္ခဆက်ပြီး ကြာလာမယ်ဆိုရင် ဒေသခံ ပြည်သူ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG