သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်နီမော်မှာ သေဆုံး ဒဏ်ရာရသူတိုးနေ


ရခိုင်ပြည်နယ်၊ ကျော်နီမော်ကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခံထားရတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၈၊ ၂၀၂၅၊ ဓာတ်ပုံ-AA)
ရခိုင်ပြည်နယ်၊ ကျော်နီမော်ကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခံထားရတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၈၊ ၂၀၂၅၊ ဓာတ်ပုံ-AA)

စစ်ကောင်စီက ဇန်နဝါရီ ၈ ရက်မှာ လေကြောင်းကနေတိုက်ခိုက်ခဲတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ထဲက ကျောက်နီမော်တိုက်နယ်ကျေးရွာမှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရသူတွေ တိုးနေပါတယ်။ သေဆုံးသူ ၄၁ ယောက်နဲ့ ဒဏ်ရာရသူ ၅၀ ထက်မနည်းရှိနေတာကြောင့် ဆေးဝါးမလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက VOA ကို ပြောပါတယ်။ ကျောက်နီမော်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရတဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်တဲ့ ရခိုင်တောင်ပိုင်း ကျောက်နီမော် ကျေးရွာမှာ ဒီကနေ့ အထိ သေဆုံးသူ ၄၁ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ပြီလို့ ရခိုင်ဒေသခံ တဦးကပြောပြပါတယ်။

“ကျောက်နီမော်ဖြစ်စဉ်ကတော့ သေဆုံးသူအားလုံး အတိအကျဆိုရင်တော့ ကျနော်တို့ရထားတဲ့စာ ရင်းအရ ၄၁ ဦးရှိတယ်။ နောက်ဒဏ်ရာရတဲ့သူတွေကတော့ ၅၀ ကျော်လောက်ပေါ့။ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း အရေးပေါ်အခြေအနေမှာ ရှိနေတဲ့ သူတွေလည်းရှိတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပေါင်း ၅၀၀ နီးပါးမီး လောင်ပျက်စီးခဲ့တာပါ။ ဒါ့အပြင် ထိခိုက်သေဆုံး ဒဏ်ရာသူတွေထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အမျိုးသမီး တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါဝင်တာပါ။ လက်ရှိဒဏ်ရာရထားတဲ့ လူဦးရေ ၅၀ ကျော်ထဲမှာ လည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်း အများအပြား ပါဝင်နေသလို အရေးပေါ် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ရမ္မာမြီပရဟိတအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကျောက်နီမော်တိုက်နယ်ဟာ ရမ်းဗြဲမြို့ရဲ့ တောင်ဘက် ၁၂ မိုင်ကျော်အကွာမှာ တည်ရှိတာဖြစ်ပြီး ကမ်းတဘက်မှာတော့ စစ်ကောင်စီထိန်းချုပ်ထားဆဲ မာန်အောင်မြို့ ရှိပါတယ်။ ဒါ့အပြင် ကျောက်နီမော်တိုက်နယ်မှာ ရမ်းဗြဲ၊ လေးတောင်၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက စစ်ဘေး ဒုက္ခသည် တွေအများအပြား လာရောက်နေထိုင်ကြတာကြောင့် လူဦးရေထူထပ်တဲ့ တိုက်နယ်တခုသလို နေအိမ်တွေဟာလည်း တအိမ်နဲ့တအိမ် ကပ်နေတဲ့နေရာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒဏ်ရရှိထားတဲ့ သူတွေကို အာရက္ခတပ်တော် AA က ဆေးဝါး ကုသပေးနေပြီး လိုအပ်တာတွေ ကူညီပေးနေကြောင်း အာရက္ခတပ်တော် AA က VOA ကို ပြောဆိုထားပါတယ်။

ကျောက်နီမော်ကျေးရွာမှာ ရမ်းဗြဲ၊ လေးတောင်၊ တောင်ကုတ် စတဲ့ မြို့နယ်တွေဟာ စစ်ဘေးဒုက္ခသည် အများအပြား လာရောက်နေထိုင်တဲ့ နေရာတွေဖြစ်သလို လူဦးရေထူထပ်တဲ့နေရာတွေလည်း ဖြစ်ပါတယ်။ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက VOA ကို အခုလိုပြောပါတယ်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိတော့တဲ့ နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ် သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန် တာလည်းဖြစ်ပါတယ်။”

ကျောက်နီမော်ကျေးရွာမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသတွင်း နောက်ဆက်တွဲအခြေအနေတွေကို သီးခြားအတည်ပြုဖို့ ခက်ခဲနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတချို့နဲ့ မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA က သိမ်းထားပြီး ရခိုင်ပြည်နယ် တပြည်နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်ပြီး နောက်ပိုင်းမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလိုကြောင်း ပြီးခဲတဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းကထုတ်ပြန်ထားပါတယ်။

AA အဖွဲ့ရဲ့ ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့တစုံတရာ တုံ့ပြန်ပြောဆိုထား တာမရှိသလို AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲနေပါတယ်။ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချက်ခြင်း တုံ့ပြန်တဲ့ သတင်းထုတ်ပြန်ချက် လတ်တလော ထွက်လာတာ မတွေ့ရသေးပါဘူး။

Forum

XS
SM
MD
LG