သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၁၀၀ ကျော် AA အဖွဲ့ပြန်လွှတ်


အာရက္ခတပ်တော် AA က အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရုံးတချို့ကို သိမ်းပိုက်ထားကြောင်း ထုတ်ပြန်သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၉၊ ၂၀၂၄)
အာရက္ခတပ်တော် AA က အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရုံးတချို့ကို သိမ်းပိုက်ထားကြောင်း ထုတ်ပြန်သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၉၊ ၂၀၂၄)

အာရက္ခတပ်တော် AAနဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်ကတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ထောင်နဲ့ ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေထဲက ၁၀၀ ကျော်လောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ဒဏ်ရာရသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို AA အဖွဲ့က ပြန်လွှတ်ပေးနေတဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က တနှစ်ကျော်ကြာတိုက်ပွဲတွေအတွင်း မြို့နယ်ပေါင်း ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ် လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မိသားစုဝင် ထောင်နဲ့ချီဖမ်းဆီးမိခဲ့ကြောင်း အာရက္ခတပ်တော် AA အဖွဲ့က ကြေညာထားပါတယ်။ ဖမ်းဆီးထားသူတွေကို AA အဖွဲ့က ပြန်လွှတ်ပေးနေရာမှာ မကြာသေး ခင်ရက်တွေက လူ ၁၄၀ လောက် ပြန်လွတ်လာတယ်လို့လည်း ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ရခိုင်မှာ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တချို့ ပြန်လွတ်တာက ဟုတ်ပါတယ်။ ပြန်လွတ်တဲ့ ထဲမှာတော့ အမျိုးသားတွေရော အမျိုးသမီးတွေရောပါတယ်။ လူ ၁၀၀ကျော်လောက်ရှိမယ် ပေါ့နော်၊ ဘယ်နေရာက လွှတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျမသိရဘူးပေါ့နော်။”

AA အဖွဲ့က ပြန်လွှတ်ပေးတဲ့အထဲမှာ စစ်သုံ့ပန်းအမျိုးသား ၄၀၊ တပ်မိသားစုဝင် အမျိုးသမီး ၇၆ ဦး အပြင် အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားအကျဉ်းသား ၂၆ ဦး ပါဝင်တယ်လို့လည်း နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေကို စစ်ကောင်စီက မကြာခဏဆိုသလိုလေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် စစ်သုံ့ပန်းတွေနဲ့ ဒေသခံတွေ သေဆုံးမှု သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ AA အဖွဲ့က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးနေတာပါ။

“ရခိုင်မှာဆိုရင် ဒီလေကြောင်းပစ်ခတ်မှုတွေကြောင့် စစ်သုံ့ပန်းတွေနဲ့ မိသား စုဝင်တွေ သေဆုံးတဲ့ ဖြစ်စဉ်တွေလည်းမကြာခဏဆိုသလို ရှိခဲ့တာပေါ့နော်။ လက်ရှိလွှတ်ပေးတာကတော့ အာရက္ခ တပ်တော် AA အနေနဲ့ လူသားချင်းစာနာမှုကိုပြတာဖြစ်သလို နောက်တပိုင်းကတော့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ပစ်တာတွေကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လွှတ်ပေးတာလို့မြင်ပါတယ်။”

ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေ၊ အရာရှိတွေနဲ့ စစ်ကောင်စီတပ်သား ထောင်နဲ့ချီကို စစ်သုံ့ပန်းအဖြစ် AA ဘက်က ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကျန်းမားစောင့်ရှောက်မှုတွေပေးထားပြီး အချိန် အတိုင်း အတာတခုရောက်ရင် ပြန်လွတ်ပေးသင့်သူအားလုံးကိုပြန်လွှတ်ပေးမယ်လို့လည်း AA ဘက်က ပြောဆိုထားတာရှိပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းစခန်းတွေနဲ့ ရခိုင်ပြည်နယ်က လူနေရပ်ကွက်ကျေးရွာ တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းမိသားစုဝင် တွေကိုထိန်းသိမ်းထားတဲ့စခန်းကို စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း အမျိုးသမီးနဲ့ ကလေး ၂၇ ဦးသေဆုံးပြီးတော့ ၃၀ နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာလည်း မောင်တောနဲ့ ပေါက်တောမြို့နယ်တွေက စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ AA အကျဉ်းစခန်းတွေကို စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၆၀ နီးပါးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG