သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတဝန်း စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး နှစ်သစ် ဆုတောင်း


ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ တွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (ဇန်နဝါရီ ၁၊ ၂၀၂၅)
ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ တွေ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (ဇန်နဝါရီ ၁၊ ၂၀၂၅)

မြန်မာ အပါအဝင် ကမ္ဘာတဝန်း စစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အားထုတ် ကြိုးပမ်းနိုင်ဖို့ ဆုတောင်းပါကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ မိန့်ကြားသွားခဲ့ပါတယ်။ ယူကရိန်း၊ ဂါဇာ၊ အစ္စရေး၊ မြန်မာ နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်သူတွေ အတွက် မမေ့မလျော့ သူ ဆုတောင်းပေးနေကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။

ပဋိပက္ခ ဒေသတွေမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းနေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အဖြေ ရတဲ့အထိ အခိုင်အမာ အားစိုက် လုပ်ဆောင်သွားနိုင်ကြလို့မယ်လို့ မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ တချိန်တည်းမှာလည်း ချမ်းသာတဲ့နိုင်ငံတွေက ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ နွမ်းပါးတဲ့နိုင်ငံတွေရဲ့ ကြွေးမြီတွေကို လျှော့ပေါ့တာ၊ ပယ်ဖျက်ပေးတာတွေ လုပ်ပေးဖို့လည်း နှစ်သစ်ကူးနေ့မှာ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်လို့လည်း ဒါကို လက်မခံဖို့နဲ့ လူ့အသက်တချောင်းကို သန္ဓေတည်ချိန်ကနေ သဘာဝအတိုင်း သေဆုံးတဲ့အချိန်အထိ အလေးထား တန်ဖိုးထား ကာကွယ်ကြဖို့ ထပ်မံ တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။ သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ မနေ့ နှစ်ဆန်း ၁ ရက်နေ့က စိန့်ပီတာ ရင်ပြင်မှာရှိတဲ့ Basilica ဘုရားကျောင်းမှာ နှစ်သစ်ကူးနေ့ စုဝေး ဆုတောင်းပွဲအတွင်း အခုလို မိန့်ကြားခဲ့တာပါ။

ဘယ်အမျိုးသမီးက မွေးဖွားလာတဲ့ ကလေးပဲဖြစ်ဖြစ် ကလေးတိုင်းကို ကြည့်ရှု စောင့်ရှောက်တတ်အောင် ကြိုးစားကြဖို့နဲ့ အမိဝမ်းတွင်းက သန္ဓေသားတွေ၊ ကလေးငယ်တွေရဲ့ ဘဝတွေ၊ ဒုက္ခဆင်းရဲ ခံစားနေကြရသူတွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ၊ အထီးကျန်ဝေဒနာ ခံစားနေရသူတွေ၊ နာမကျန်းသူတွေ စတဲ့ လူသားအားလုံးရဲ့ ဘဝတွေ၊ ရခဲ့လှတဲ့ အသက်တွေကို ကာကွယ်ပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG