ဒီနှစ် ၂၀၁၈ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်စမတ်အချိန်မှာ ကမ္ဘာတဝှမ်း တဦးအပေါ်တဦး ချစ်ချစ်ခင်ခင်နဲ့ မေတ္တာထားပြီး ယိုင်းပင်းကူညီကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းပေးခဲ့သလို တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဆီးရီးယား၊ ယီမင် အစ္စရေးနဲ့ ပါလက်စတိုင်း ဒေသတွေမှာလည်း ဒီမေတ္တာတရားနဲ့ ငြိမ်းချမ်းမှုရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြည်သူအချင်းချင်း လေးစားချစ်ခင်မှုနဲ့ ငြိမ်းချမ်းမှုကို ဖေါ်ဆောင်နိုင်မှာ ဖြစ်ကြောင်းနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းစကားကို အမေရိကန်နိုင်ငံရောက် ခရစ်ယန်ဘာသာရေး ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
“ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ်စမတ်အခါသမယမှာ တဦးနဲ့တဦး မေတ္တာထားပြီး ယိုင်းပင်းကူညီကြဖို့ ဆုတောင်းပါတယ်။ ယဉ်ကျေးမှုတိုင်းနဲ့ နိုင်ငံတိုင်းက ပြည်သူအားလုံး ချစ်ချစ်ခင်ခင်နဲ့ မေတ္တာထားကြဖို့၊ မေတ္တာတရားက အယူအဆကွဲပြားသူဖြစ်ပါစေ လေးလေးစားစားနဲ့ နားထောင်နိုင်စွမ်း ရှိစေသလို ဘာသာမတူသူတွေကြားလည်း မေတ္တာတရား ထားနိုင်ပါတယ်။”
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခရစ်စမတ်နေ့မှာ St Peter’s ဘုရားကျောင်း ဗဟိုလသာဆောင် ပေါ်ကနေ ကမ္ဘာတဝှမ်းက ကက်သလစ်ခရစ်ယန်ဘာသာဝင် တသန်းကျော်အတွက် ဆုတောင်း မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
လူသားအားလုံးဟာ ညီရင်းအကို မောင်ရင်းနှမတွေ ဖြစ်ကြကြောင်းနဲ့ လူမျိုး၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုမျိုးစုံကြားမှာ ဝေမျှခံစားနေရတဲ့ လူသား အားလုံးအပေါ် မေတ္တာတရား၊ ယုံကြည်လက်ခံမှုနဲ့ လေးစားမှုတွေကနေ လွတ်မြောက်ရှင်သန်မှု ပေါ်ထွန်းလာတယ်လို့ ဘုရားသားတော်က ပြောခဲ့ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
“ကျနု်ပ်တို့ရဲ့ မတူကွဲပြားမှုတွေက ပျက်စီးစေတာ ဒါမှမဟုတ် အန္တရာယ်ဖြစ်စေတာမျိုး မဟုတ်ပဲ ပိုပြီးအင်အားဖြစ်စေမယ့် အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါက ဘာနဲ့ အလားသဏ္ဍာန် တူသလဲဆိုရင် အနုပညာရှင်တယောက်က အရောင်အသွေးမျိုးစုံ ပါတဲ့ အပိုင်းအစတွေနဲ့ ပေါင်းစပ်ထားတဲ့ Mosaic ပန်းချီကား တချပ်ကို ဆွဲလိုက်သလိုပါပဲ။ အပိုင်းအစတွေ အရောင်စုံလေ ပိုကောင်းလေဆိုတဲ့ သဘောပါ။”
ကမ္ဘာတလွှားမှာ ကာလ ကြာရှည်ဖြစ်စစ်ပွဲတွေ ဖြစ်ပွါးနေတဲ့ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေး အတွက် အချင်းချင်း သဟဇာတမျှစွာ နေထိုင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေရတဲ့ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေအပြင် အနှစ် ၇၀ ကျော် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွါးနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းမှာပါ မတူကွဲပြားမှုတွေကို ညှိနှိုင်းပြီး ငြိမ်းချမ်းမှုရအောင် လုပ်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ အခုလို ပန်ကြားချက်ကို အမေရိကန်ရောက် မြန်မာနိုင်ငံသား ခရစ်ယန်ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြပြီး မြန်မာနိုင်ငံမှာလည်း အလားတူ ကျင့်သုံးကြဖို့ လိုတယ်လို့ KBC ကချင် Baptist convention အဖွဲ့ အကြီးအကဲ Rev Dr Jun Maw San Awng ကပြောပါတယ်။
"ပုပ်ရဟန်းမင်းကြီးဖြစ်စေချင်တဲ့အရာပေါ့လေ ၊ ကျနော်တို့တိုင်းပြည်မှာ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့နိုင်ငံဖြစ်သည့်အားလျော်စွာ သူ့ထက် ငါပိုတယ်ဆိုတဲ့ စိတ်ဆန္ဒကို ရှေ့တန်းမတင်ပဲနဲ့ မြန်မာပြည်ကြီးငြိမ်းချမ်းတဲ့အခါ ကျတော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာပဲ အခြေတည်ရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ ဒီအကြောင်းအရာတွေကို ပိုပြီးတော့ Focus၊ address လုပ်ဖို့အတွက် သူတိုက်တွန်းတယ်လို့ ကျနော်ယူဆပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပြည်ကြီးမှာတော့ တိုင်းရင်းသားပေါင်းစုံ မတူကွဲပြားတဲ့ ရိုးရာထုံးတန်းဓလေ့တွေလည်းရှိကြတဲ့ တိုင်းသူပြည်သားတွေ စုဖွဲ့ပြီးတော့ နေထိုင်ကြတယ်ဆိုတဲ့အခါကျတော့ ပိုပြီးတော့ အဓိပ္ပါယ်ရှိတယ်လို့ ခံယူပါတယ်။"
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရခဲ့တာ အနှစ် ၇၀ ကျော်လာပေမယ့် တိုင်းရင်းသား ဒေသတွေမှာ မငြိမ်းချမ်းနိုင်သေးတာကြောင့် အခုလို ခရစ်စမတ်အချိန်အခါမှာ ငြိမ်းချမ်းစေဖို့ပါ ဆုတောင်းပေးခဲ့ပါတယ်။
"ကျနေ်ာတို့ အမိမြန်မာပြည်ကြီးမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ တိုင်းပြည်မှာ သခင်ခရစ်တော်ယူဆောင်လာသော ငြိမ်းချမ်းခြင်းနဲ့ အတူတကွ ပျော်ရွှင် ဝမ်းမြောက် ငြိမ်သက်ချင်း ဆုကျေးဇူးကောင်းကြီးမင်္ဂလာတွေကို ခံယူရရှိပြီး ကျနော်တို့ အမိမြန်မာပြည်ကြီးသည်လည်း စစ်မှန်သော ဒီမိုကရေစီနိုင်ငံအားဖြင့် ကမ္ဘာ့အလည်တွင် တင့်တယ်နိုင်သော နိုင်ငံတခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။"
မြန်မာနိုင်ငံမှာ ခရစ်စမတ်ပွဲတော်ကို ဒီနှစ်အတွက် ရန်ကုန်မြို့မှာ စည်စည်ကားကား ကျင်းပခဲ့ပြီး ခရစ်ယန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေပါ ပါဝင်ဆင်နွှဲကြတာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စိန့်ပီတာဘုရားကျောင်းမှာ ကျင်းပတဲ့ ခရစ်စမတ်ည လူထုဝတ်ပြုဆုတောင်းပွဲကို သောင်းနဲ့ချီ တက်ရောက် ခဲ့ကြပါတယ်။ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဗုဒ္ဓဟူးနေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို နှစ်သစ်ကူးအကြိုနဲ့ နှစ်သစ်ကူးနေ့တွေမှာလည်း လူထုစုဝေးပွဲတွေ တက်ရောက်ဖို့ ရှိပါတယ်။