သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်မှာ သဘာဝခရီးသွားလုပ်ငန်းဦးစားပေးဖို့ သမ္မတတိုက်တွန်း


ချင်းပြည်မှာ သဘာဝခရီးသွားလုပ်ငန်းဦးစားပေးဖို့ သမ္မတတိုက်တွန်း ( Myanmar President Office)
ချင်းပြည်မှာ သဘာဝခရီးသွားလုပ်ငန်းဦးစားပေးဖို့ သမ္မတတိုက်တွန်း ( Myanmar President Office)

ချင်းပြည်နယ်မှာ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးလုပ်ဆောင်ရန်ပြည်နယ်အစိုးရကို သမ္မတကတိုက်တွန်း လိုက်ပါတယ်။ ချင်းပြည်နယ်တိုးတက်ဖို့အတွက် ချင်းတိုင်းရင်းသားတွေ အနေနဲ့လက်တွဲညီညီ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် လည်းတိုက်တွန်းခဲ့ပါသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှုနှေးနေသေးတဲ့ နေရာတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေပိုဝင်လာနိုင်ဖို့ ကာလသတ်မှတ်ချက်နဲ့အခွန်ကင်းလွတ်ခွင့်ပေးနိုင်ဖို့လည်းအစိုးရပိုင်းကစီစဉ်နေတာတွေရှိတယ်လို့ သမ္မတကပြောဆိုထားပါ တယ်။ ချင်းတိုင်းရင်းသားတွေကတော့သမ္မတလုပ်ဆောင်မှုပိုင်းကို ကြိုဆိုလျက်ရှိပြီး ချင်းအမျိုးသားနေ့ကိုတက်ရောက်တဲ့အ တွက်ကျေနပ်လျက်ရှိပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ချင်းပြည်နယ်မှာ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးလုပ်ဆောင်ရန်ပြည်နယ်အစိုးရကို သမ္မတက ချင်းပြည်နယ် ခရီးစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ သမ္မတကြီးကတော့ ရိဒ်ကိုရောက်တဲ့အခါမှာ ရိဒ်ရေကန် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် Tourist Destination တခု ၊ Quality Destination တခုဖြစ်လာအောင် ဆောင်ရွက်ဖို့အတွက် လမ်းညွှတ်တာရှိပါတယ်။ မိန့်ကြားချက် Tourist Destination တခုဖြစ်လာအောင် ဆောင်ရွက်ဖို့အတွက်ပြောပါတယ်။ ပြီးတော့မှခေါနူးစုမ်တောင် ပတ်ဝန်းကျင်ကိုလည်း Tourism အတွက်ကောင်းကောင်းမွန်မွန်အဆင့်မြင့် ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားပါဆိုပြီးတော့ မိန့်သွားတာ ရှိပါတယ်ခင်ဗျ။”

သမ္မတရဲ့ ပြောဆိုမှု ၊ တိုက်တွန်းမှုတွေနဲ့ပတ်သတ်လို့ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကခုလိုပြောပြတာပါ။

ဒီလို သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့တိုက်တွန်းခဲ့တာနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရဘက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့စီစဉ်ထားတာတွေကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်အစိုးရဘက်ကလုပ် ဆောင်ဖို့စီစဉ်ထားတဲ့ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး ဝန်ကြီးဆလိုင်းအိုင်ဇက်ခင်က ခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒီ ခေါနူးစုမ် National Park ပေါ့နော ် ၊ ကန်ပက်လက် ဒီအတွင်းမှာ Eco Tourism တိုးမြင့်ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားတာရှိသလို ရိဒ် အပါအဝင် ကျနော်တို့ ဒီဘက် ချင်းပြည်နယ် မြောက်ပိုင်းမှာလည်း Destination အသစ်တွေဖွင့်ဖို့လည်း ရှိပါတယ်။ နောက် ချင်းပြည်နယ် တောင်ပိုင်းအစွန်းမှာဆိုရင် ပလက်ဝမြို့နယ်မှာရှိတဲ့ တောင်ပတ်ဝန်းကျင်မှာလည်း wildlife conservation sanctuary မှာ ကျနော်တို့ Eco Tourism တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက်လည်း ပြင်ဆင်ဆောင်ရွက်ထားတာရှိပါတယ်။ ဆိုတော့ ချင်းပြည်နယ်မှာဆိုရင် တနှစ်ထဲမှာ ထွက်တဲ့ ကော်ဖီဆိုရင် အင်မတန်မှာ quality ကောင်းပါတယ်။ နောက် ကျနော်တို့ မင်းတပ်- ကန်ပလက် ဘက်မှာထွက်တဲ့ ထောပတ်သီးဟာ အင်မတန်မှ ကောင်းပါတယ်။ Quantity လည်းရှိ၊ Quality လည်းရှိတယ်။ အဲဒီအတွက်ကြောင့် Tourism အပြင် Eco based Industry ကို ကျနော်တို့ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ဆိုတာတွေကို လုပ်ထားတာတော့ရှိပါတယ်။”

ဒီကနေ့မှာကျရောက်တဲ့ ၆၉နှစ်မြောက် ချင်းအမျိုးသားနေ့နဲ့ပတ်သတ်ပြီး သဝဏ်လွှာပေးပို့ခဲ့ပါသေးတယ်။ ဒီလိုပေးပို့တာမှာ သမ္မတက ချင်းပြည်နယ်တိုးတက်ဖို့အတွက် ချင်းတိုင်းရင်း သားတွေအနေနဲ့လက်တွဲညီညီပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် လည်းတိုက်တွန်းထားပါတယ်။ သမ္မတကြီးရဲ့ ချင်းပြည်နယ်ခရီးစဉ်၊ ချင်းပြည်နယ်တိုးတက်ရေးအတွက်လုပ်ဆောင်ပေးဖို့ စီစဉ် ဆောင်ရွက်လာမှုနဲ့ သဘာဝခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့တိုက်တွန်းခဲ့တာတွေနဲ့ပတ်သတ်လို့ ချင်းတိုင်းရင်းသားတွေဘက် ကတော့ ကြိုဆိုလိုက်ကြပါတယ်။

ဒီကနေ့ ချင်းအမျိုးသားနေ့နဲ့ ပတ်သတ်လို့ သမ္မတကြီးသဝဏ်လွှာနဲ့ချင်းပြည်နယ်တိုးတက်ရေးအတွက် သမ္မတကြီး လုပ်ဆောင်မှု တွေနဲ့ ပတ်သတ်လို့ ချင်းတိုင်းရင်းသား ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်ကတော့ ခုလိုမြင်ပါတယ်။

“ကျနော်တို့ ချင်းအမျိုးသားနေ့ကို နဝတ၊ နအဖ စစ်အစိုးရ ခေတ်တုန်းကလည်း ကျနော်တို့ ကျင်းပခွင့်မရဘူး။ ဟိုတုန်းကလည်း ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့ ပြောင်းမယ် စသည်အားဖြင့် အမျိုးမျိုးကျနော်တို့ ဖိနှိပ်မှု၊ ချပ်ချယ်မှုတွေအမျိုးမျိုးရှိခဲ့တယ်၊ အဲဒီလိုအခြေအနေမျိုးကနေပြီးတော့ အခုက နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ကျနော်တို့ပွဲမှာလာတက်တယ်ဆိုတော့ ဒါ ကျနော်တို့ ချင်းလူမျိုးတွေအတွက် အင်မတန်မှ ဝမ်းသာစရာကောင်းပါတယ်။ နောက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို မိန့်ကြားပေးတယ်၊ ဒီလိုလုပ်သင့်တယ်ဆိုပြီးတော့ ဆောင်ရွက်ပေးနေတာ က ကျနော်တို့အနေနဲ့ အများကြီးဝမ်းသာပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်။ သူ့မိန့်ကြားတဲ့အတိုင်း အစိုးရကလည်း လက်တွေ့ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

သမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ ဖွံ့ဖြိုးတိုးတက်မှုနှေးနေသေးတဲ့ နေရာတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာနိုင်ဖို့ ကာလသတ်မှတ်ချက်နဲ့အခွန်ကင်းလွတ်ခွင့် ပေးနိုင်ဖို့လည်း အစိုးရပိုင်းက စီစဉ်နေတာတွေရှိတယ်လို့ သမ္မတကပြောဆိုထားပါ တယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုနှေးတဲ့နေရာတွေထဲမှာ ချင်းပြည်နယ်ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG