သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ ပူးပေါင်းပါဝင်ကြဖို့ တရုတ်သမ္မတ တိုက်တွန်း


တရုတ်သမ္မတ Xi Jinping

ကုန်းလမ်း ရေလမ်းပါဝင်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းဟာ အရင်းအနှီးများပြားလှသလို အခက်အခဲတွေလည်းရှိနိုင်တဲ့ စီမံကိန်းကြီးဖြစ်တာမို့ ပူးပေါင်းဆောင်ရွက်မှုက သိပ်ကို အရေးကြီးတယ်လို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံ ချိတ်ဆက် ကုန်သွယ်နိုင်မယ့် စီးပွားရေးလမ်းကြောင်းကြီး ၆ ခုဖန်တီးရေးအစီအစဉ်ပါဝင်တဲ့ ဒီစီမံကိန်းဟာ တရုတ်ရဲ့စီးပွားရေးအင်ပါယာ ချဲ့ထွင်တဲ့ စီမံကိန်းကြီးဖြစ်တယ်လို့ လေ့လာသူတချို့က မြင်နေကြသလို တချို့ကလည်း ကမ္ဘာ့အလယ်မှာ တရုတ်နိုင်ငံရဲ့ အနေအထားကို လောင်းကြေးထပ်တဲ့ စီမံကိန်းကြီးုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ VOA သတင်းထောက် Bill Ide ဘေဂျင်းမြို့တော်ကနေ ပေးပို့တဲ့သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

Belt and Road Initiative ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကိုတရုတ်နိုင်ငံက အစပြုဆောင်ရွက်တယ်ဆိုပေမဲ့ တကမ္ဘာလုံးနဲ့သက်ဆိုင်ပါတယ်လို့ တရုတ်သမ္မတ Xi Jinping ပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကနေ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပကို "Silk Road Economic Belt" ကုန်းလမ်း၊ "Maritime Silk Road" ရေလမ်းတို့နဲ့ ဆက်သွယ်မယ့် စီမံကိန်းကြီးကို မိတ်ဆက်ပွဲထုတ်တဲ့ Belt and Road Forum ကနေ လက်တွေ့ဆောင်ရွက်ရမယ့် အစီအစဉ်ပေါင်း ၂၇၀ ကို တက်ရောက်လာတဲ့ နိုင်ငံတွေ သဘောတူခဲ့ကြပါတယ်။

ကမ္ဘာမှာ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုပွင့်လာစေရေး၊ ကမ္ဘာလွှမ်းခြုံဖြန့်ကြက်တဲ့နေရာမှာ မျှမျှတတအကျိုးခံစားနိုင်ကြအောင်ဆောင်ရွက်ရေးနဲ့ ကုန်သွယ်ရေးလွတ်လပ်ခွင့် ပိုပြီးကျယ်ပြန့်စေရေး အစီအစဉ်တွေကို Belt and Road Forum ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံ့အကြီးအကဲတွေ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ Forum အဆုံးသတ်ပွဲမှာ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ရေးရာတွေမှာ တရုတ်ရဲ့ အခန်းကဏ္ဍချဲ့ထွင်မှုမဟာဗျူဟာကို မီးမောင်းထိုးပြနေတဲ့ စီမံကိန်းကြီးဖြစ်ပေမဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် ဒီစီမံကိန်းကြီးကို အသုံးချမှာ မဟုတ်ဘူးဆိုတာကိုလည်း တရုတ်သမ္မတက အလေးထားပြောခဲ့ပါတယ်။

တနင်္လာနေ့ကပြီးဆုံးသွားတဲ့ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ နိုင်ငံ့အကြီးအကဲပေါင်း ၃၀၊ နိုင်ငံနဲ့အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဂျာမနီနိုင်ငံလို ဒီစီမံကိန်းကို တရားဝင်ထောက်ခံခြင်းမရှိသေးတဲ့ နို်င်ငံတချို့ကတော့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ခဲ့ကြပါတယ်။

ကုန်သွယ်ရေးတိုးမြှင့်စေဖို့တရုတ်ရဲ့အားထုတ်မှုနဲ့ ကမ္ဘာ့ရေးရာတွေမှာ တရုတ်က ပိုပြီးပါဝင်လာတဲ့အပေါ် Forum တက်လာသူအများက ကြိုဆိုကြပါတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားပါဝင်ပြီး ဒေါ်လာသန်း ထောင်ချီကုန်ကျမယ့် စီမံကိန်းကြီးအတွက် ပိုပြီးပွင့်လင်းမြင်သာရှိဖို့နဲ့ အားလုံးအတွက်မျှတတဲ့အကျိုးရရှိဖို့လိုတယ်လို့ အမေရိကန်နဲ့ ဂျာမနီလိုနိုင်ငံတွေက အလေးထားပြောနေကြပါတယ်။

ဒီစီမံကိန်းကြီးထဲမှာပါဝင်ဖို့ ဖိတ်ခေါ်ခံရတဲ့ ဂျာမန်ကုမ္ပဏီတွေဖက်က အစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိရဖို့ အရေးကြီးတယ်လို့ Belt and Road Forum တက်ရောက်ခဲ့တဲ့ ဂျာမနီစီးပွားရေးရာနဲ့ စွမ်းအင်ဆိုင်ရာ ဝန်ကြီး Brigitte Zypries ကပြောပါတယ်။

“စီမံကိန်းကြီးထဲမှာ ဂျာမနီနိုင်ငံပါဝင်ဖို့ ဖိတ်ခေါ်မခံရပေမဲ့ ဂျာမနီကုမ္ပဏီတွေကိုတော့ ပါဖို့ဖိတ်ခေါ်ထားပါတယ်။ ဒါကြောင့် ဘာတွေဆောက်မှာလဲ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အစီအစဉ်က ဘယ်လိုလဲဆိုတာကို သိထားသင့်ပါတယ်။ ဂျာမနီလိုပဲ နိုင်ငံတိုင်း ကုမ္ပဏီတိုင်းသိသင့်ပါတယ်။”

တရုတ်သမ္မတ Xi Jinping ချပြခဲ့တဲ့အစီအစဉ်တွေထဲမှာ တရုတ်နိုင်ငံကို နိုင်ငံပေါင်း ၆၅ နိုင်ငံနဲ့ချိတ်ဆက်နိုင်မယ့် စီးပွားရေးလမ်းကြောင်း ၆ ခုဖန်တီးမယ့် အစီအစဉ်လည်းပါဝင်ပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ဘီလျံ ၉၀၀ လောက်ကုန်ကျမယ့် ရေလမ်း၊ ကုန်လမ်းပါဝင်တဲ့ ပိုးလမ်းမသစ်ကြီးအစီအစဉ်ဟာ သမိုင်းမှာ အကုန်အကျအများဆုံး ဖွံ့ဖြိုးရေးစီမံကိန်းကြီးလည်းဖြစ်ပါတယ်။ တရုတ်က ဒေါ်လာ ၁၂၄ ဘီလျံအကုန်ခံမယ်လို့အာမခံထားပါတယ်။

နိုင်ငံခြားအရံဘဏ္ဍာ ဒေါ်လာ ၃ Trillion ကျော်ရှိတဲ့တရုတ်နိုင်ငံအတွက် အာမခံထားတဲ့ ပမာဏကို အသာလေးအကုန်ခံနိုင်တယ်လို့ ဘေဂျင်းက လေ့လာသူတွေက ပြောကြပါတယ်။ Belt and Road စီမံကိန်းကြီးထဲမှာပါဝင်တဲ့ နိုင်ငံတွေနဲ့ သုတေသနဓါတ်ခွဲခန်း ၅၀ တည်ထောင်ပြီး နိုင်ငံခြားသိပ္ပံပညာရှင် ၅ ထောင်ကို သင်တန်းပေးမယ်။ နိုင်ငံခြားသုတေသနအဖွဲ့ပေါင်း ၅၀၀ ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်မယ်လို့ သမ္မတ Xi ကပြောပါတယ်။

ဒါ့အပြင် ပိုလမ်းမသစ်ကြီးတလျှောက်နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်း ၁၀၀၊ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းပေါင်း ၁၀၀ လုပ်ဆောင်သွားဖို့လည်း စီစဉ်ထားပါတယ်။ Hawaii မှာရှိတဲ့ Institute of Asian Security ကပါမောက္ခ Mohan Malik ကတော့ ဒါဟာ စီးပွားရေးကိုလိုနီချဲ့ထွင်ဖို့ တရုတ်ကလုပ်နေပုံရတယ်လို့ ပြောပါတယ်။ နိုင်ငံငယ်လေးတွေကို ကျူးကျော်သိမ်ပိုက်မယ့်အစား ငွေကြေးမက်လုံးပေးသိမ်းသွင်းပြီး တရုတ်နိုင်ငံသာ အဓိကကျတဲ့အာရှဖြစ်အောင် စီးပွားရေးအင်ပါယာ ချဲ့ထွင်နေတာဖြစိတယ်လို့ ပါမောက္ခ Malik ကသူ့ရဲ့သုံးသပ်ချက်ကို Email နဲ့ VOA ကိုပြောကြားခဲ့ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ စီမံကိန်းကြီးကို စွန့်စွန့်စားစားလုပ်နေတဲ့ တရုတ်အတွက်အန္တရာယ်များတယ်လို့လည်း သူကသုံးသပ်ပါတယ်။

China Policy အတိုင်ပင်ခံကုမ္ပဏီက ဒါရိုက်တာ David Kelly ကလည်း Belt and Road စီမံကိန်းကြီးဟာ ကမ္ဘာ့အလည်မှာ တရုတ်နိုင်ငံရဲ့ အဆင့်ကို အဆုံးအဖြတ်ပေးမယ့်စီမံကိန်းကြီးဖြစ်တယ်လို့ ပြောပါတယ်။

“တကယ်လို့ အလုပ်မဖြစ်ဘူး။ ပြဿနာတွေရှိလာမယ်။ လက်တေ့ွမကျဘူး။ သိပ်အကုန်အကျများတယ်။ စီမံကိန်းကြီးပျက်သွားမယ်ဆိုရင် ကမ္ဘာ့အလည်မှာ တရုတ်နိုင်ငံရဲ့ အနေအထားအပေါ် အများကြီးထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့်ဒါမျိုးဖြစ်သွားမှာကို လူတွေစိတ်ပူနေကြတာပါ။ အမျှော်အမြင်ကြီးကြီးနဲ့ လောင်းကြေးထပ် ကစားနေတာမျိုးမို့ ဆုံးရှုံးမှုတွေကလည်း သိပ်ကြီးနိုင်ပါတယ်။”

တရုတ်နိုင်ငံကတော့ သူတို့အစပြုတဲ့ ခေတ်သစ်ပိုးလမ်းမကြီးကနေ အလားအလာကောင်းတွေ ကုန်သွယ်စီးပွား အကျိုးအမြတ်တွေရလာမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။ တချိန်ထဲမှာ ပိုးလမ်းမသစ်စီမံကိန်းကြီး ပြည့်စုံ ပြီးမြောက်ဖို့အတွက် နိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အဓိကကျ အရေးကြီးတယ်ဆိုတာကိုလည်း တရုတ်သမ္မတက Belt and Road Forum မှာ အလေးထားပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG