သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းရယူခွင့် အဟန့်အတားများ မြန်မာဖယ်ရှားဖို့ လိုအပ်


မြန်မာသတင်းသမားတွေ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
မြန်မာသတင်းသမားတွေ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။

မြန်မာနိုင်ငံမှာ သတင်းရယူခွင့်အပိုင်းမှာ အဟန့်အတားဖြစ်နေတာတွေကို ဖယ်ရှားနိုင်မှ မြန်မာ့ သတင်းမီဒီယာတိုးတက်မှု ရှိလာမယ်လို့ မြန်မာသတင်းစာ ဆရာတွေက ထောက်ပြပါတယ်။ ၂၀၁၂ နောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အခြေအနေ တိုးတက်လာပေမယ့်၊ အခု အစိုးရသစ်လက်ထက်မှာ တိုးတက်မှုတွေ တန့်နေတယ်လို့ ယူဆကြတာပါ။ တချိန်တည်းမှာပဲ ပင်မသတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်ကသတင်းတွေကို ရောထွေးပြီး၊ သတင်းမီဒီယာ အပေါ် ယုံကြည်မှုကျ လာတဲ့ သဘောတွေလည်း တွေ့လာရတယ်လို့ဆိုပါတယ်။ အခု ကျနေရောက်တဲ့ ကမ္ဘာ့သတင်းမီဒီယာနေ့မှာ မြန်မာသတင်းမီဒီယာ အခြေအနေ ကိုတော့ ကိုကောင်းစံဟိန်းက စုံစမ်းမေးမြန်းထားတာပါ။

မြန်မာနိုင်ငံ အနေနဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အရင်အချိန်တွေကထက် ပိုမိုးဆိုးရွားတဲ့ အခြေအနေဖြစ်လာတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့တွေက ထောက်ပြကြသလို ပြည်တွင်း သတင်းစာ ဆရာတွေအနေနဲ့ သတင်း လွတ်လပ်ခွင့် ပိုမိုရရှိဖို့ တောင်းဆိုနေကြတာပါ။

ဒီကနေ့ မေလ၃ရက်နေ့ကျရောက်တဲ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာတော့၊ သတင်းလွတ်လပ်ခွင့်ဟာ လူ့ဘောင်အသိုင်းအဝိုင်းအတွက် မရှိမဖြစ် လိုအပ်တယ် လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterrues က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သတင်းလွတ်လပ်ခွင့် ပိုမိုကောင်းမွန်စွာ ရရှိဖို့ကိုတော့ သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးထားတဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ လိုပြီလို့ သတင်းမီဒီယာကောင်စီက အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောလိုက်ပါတယ်။

"သတင်းမီဒီယာတွေဖြစ်တဲ့ တခြားသောနိုင်ငံတကာရဲ့ ရေစီးလို့ ပြောမလား ဆိုရှယ်မီဒီယာတွေက အားကောင်းလာပြီး အဲ့ဒီ့အပေါ်မှာ သတင်း Information မုသားတဝက်တွေ နောက်တခါ ဆိုရှယ်မီဒီယာရဲ့ အမုန်းစကားတို့ စသဖြင့် အဲ့လိုဟာတွေနဲ့ မီဒီယာက တကယ့်မီဒီယာနဲ့ တာဝန်ယူမှုရှိတဲ့ဆိုရှယ် မီဒီယာနဲ့ ရောထွေး အမှတ်မှားလာကြတယ်။ အဲ့တာတွေနဲ့ သတင်းမီဒီယာတွေအပေါ်မှာ ယုံကြည်မှုတွေလည်း ကျလာတာပေါ့နော်။ ဆိုတော့ အခုလက်ရှိ ရောက်နေတဲ့ အနေအထားကတော့ ပထမ ငါးနှစ်ပိုင်းမှာ ရထားတဲ့ဟာကို အဲ့အခြေအနေထက် မယုတ်လျော့အောင် ကြိုးစားနေရတဲ့သဘောရှိတယ် ဒီ့ထက် အခက်အခဲတွေ အတားဆီးတွေက အများကြီးဖြစ်လာနေတယ်။ ဆိုတော့ သတင်းရယူခွင့်အပိုင်းကိုတော့ ဒီ့ထက်ပိုပြီးကောင်းအောင် သတင်းရယူခွင့်ကို တားဆီးထားတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အစိုးရကရော သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ရော လုပ်ဆောင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။"

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)လို လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေအရ ဟန့်တား ထားတဲ့ ဥပဒေဟာ သတင်းသမားတွေအတွက် အဓိက ခြောက်လှန့်နေတဲ့ ဥပဒေတစ်ခုပါ။ မြန်မာနိုင်ငံမှာ သတင်း မီဒီယာလွတ်လပ်ဖို့အတွက် ပြင်ဆင်ရမယ့် ဥပဒေတွေ အတွက် အစိုးရနေနဲ့ လုပ်ဆောင်မပေးနိုင်သရွေ့ သတင်းသမားတွေ ထပ်ပီး တရားစွဲဆိုခံရမှုတွေ ရှိလာနိုင်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အသံရဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာမောင်ဆောင်းခက ပြောပါတယ်။

" သတင်းမီဒီယာဥပဒေကို ပြင်ဆင်ဖို့ မကြိုးစားတာတွေကလည်း ပိုပြီးတော့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးနိုင်စွမ်းတွေ ပိုပြီးတော့လျော့ကျ လာလိမ့်မယ်လို့ ကျနော်မြင်တယ် တကယ်လို့ မီဒီယာဥပဒေကို ကျနော်တို့ပြင်နိုင်မယ် ဆိုရင် သတင်းသမားတွေ တရားစွဲဆိုခံရမှုတွေကို အခြားဥပဒေတွေ နဲ့ တရားစွဲဆိုနေတာကို ကျနော်တို့ ဟန့်တားနိုင်မယ့်အခြေအနေတွေ လုပ်လို့ရနိုင်တာတွေ ရှိတယ် ဒါပေမဲ့ လက်ရှိလွှတ်တော်ရော အစိုးရကို ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်တာ ကိုလည်း မတွေ့ရဘူး။ ကြိုးစားတာကိုလည်း မတွေ့ရဘူး။ အဲ့တာကို မပြင်နိုင်မချင်းတော့ ကျနော်တို့ သတင်းသမားတွေ တရားစွဲခံရတဲ့ကိစ္စကတော့ ဥပဒေပေါင်းစုံ နေရာမျိုးစုံ အချိန်မရွေးမှာဖြစ်နေမယ်လို့ ကျနော်ကတော့ ထင်တယ်ဗျ။"

လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ ရိုက်တာ သတင်းထောက်၂ယောက် ဖမ်းဆီး တရားစွဲဆို ခံထားရတာနဲ့ပက်သက်ပီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ၊ သတင်း မီဒီယာတွေ ရဲ့ ဝေဖန်ပြောဆိုခံနေရတာလည်း ဖြစ်ပါတယ်။

စိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ကိုဝလုံးကတော့ လက်ရှိထောင်ထဲမှာ တစ်ရက်နေရခြင်းဟာ သတင်းလွတ်လပ်ခွင့်အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို အစိုးရအနေနဲ့ ပိုပီး သိသာထင်ရှားစေတယ်လို့ မနေ့က ရုံးထုတ်မှာ ပြောပါတယ်။

"မနက်ဖြန်မှာ ကျရောက်မယ့်သတင်းလွတ်လပ်ခွင့် နေ့ Press Freedom နေ့ကိုလည်း ကျနော်တို့အတွက် သိပ်ကို အဓိပါ္ပယ်ရှိမယ်လို့ ခံစားရပါတယ်။ ကျနော်တို့အတွက် အများကြီး အဓိပ္ပါယ်ရှိမှာပါ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အကျဉ်းထောင်တွေထဲမှာ တရက်နေရတိုင်း တရက်နေရတိုင်း သတင်းလွတ်လပ်ခွင့်က ဘယ်လောက်အထိ တန်ဖိုးရှိတယ်ဆိုတာကို ကျနော်တို့ကိုယ်တိုင်သိထားတယ် နောက် ကျနော်တို့လည်း အများကြီးကို အမှန်တရားအတွက်ကို မျှော်လင့်ပါတယ် နောက်တခုကတော့ ကျနော်တို့ကို ထောင်ထဲမှာ တရက်ထားတာက လက်ရှိအစိုးရ ဒီမိုကရေစီကိုသွားနေတဲ့ အစိုးရ အနေနဲ့ သူတို့ပိုပြီးတော့ တာဝန်ယူရမယ် ဒီမိုကရေစီအတွက် သတင်းလွတ်လပ်ခွင့်အတွက် သူပိုတာဝန်ရှိတယ်လို့ ပိုပြီးတော့ သိသာထင်ရှားစေ တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ အားတင်းထားပါတယ် ဘယ်လောက်ပဲ ကျနော်တို့ကို အကျဉ်းချနေပါစေ မနက်ဖြန်မှာ ကျရောက်မယ့် သတင်းလွတ်လပ်ခွင့်နေ့ကိုလည်း ကျနော်တို့ အကျဉ်းထောင်ထဲကနေပြီးတော့ ဂုဏ်ပြုပါတယ်။"

မြန်မာနိုင်ငံမှာတော့ လက်ရှိအစိုးရသစ်လက်ထပ်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား၂၄ဦး ရှိနေပီး ဆက်သွယ်ရေးပုဒ်မနဲ့ တရားစွဲဆိုထားတဲ့အမှုကတော့ ၁၆မှုဖြစ်ပါတယ်။

ဒီကနေ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ရေးနေ့မှာတော့ မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်သံရုံး ၊မြန်မာနိုင်ငံ ဥရောပသံကိုယ်စားလှယ်အဖွဲ့တို့က သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် အတူပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သံရုးံအသီးသီးက ထုတ်ပြန်ချက်ထုတ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG