သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုတ်လေပြွန်ရောင်နာရောဂါကြာင့် ရန်ကုန်မြို့ ပုဂ္ဂလိကကျောင်းတချို့ပိတ်


ကိုဗစ်ကာလ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း ကျောင်းတက်ခဲ့ကြရ (ယခင်ပုံဟောင်း)
ကိုဗစ်ကာလ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း ကျောင်းတက်ခဲ့ကြရ (ယခင်ပုံဟောင်း)

ရန်ကုန်မြို့က စာသင်ကျောင်းတချို့မှာ ပြင်းထန် အဆုတ်လေပြွန်ရောင်နာ ရောဂါတမျိုး ကူးစက်ပြန့်နှံ့နေတာမို့ ပုဂ္ဂလိကကျောင်းတချို့ကတော့ ယာယီပိတ်ထားပါတယ်။ ရာသီတုပ်ကွေး သဘောဖြစ်လို့ အများကြီး မစိုးရိမ်ရပေမဲ့၊ ကူးစက်မြန်တဲ့အတွက် ဂရုတစိုက် ကာကွယ်ကုသကြဖို့တော့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မဆုမွန် က တင်ပြပေးပါမယ်။

ပြင်းထန် အဆုတ်လေပြွန်ရောင်နာ ရောဂါဟာ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်မြန်တာမို့ ကလေးအများ စုဝေးရာ ကျောင်းတွေမှာ ဒီရောဂါကူးစက်မှုတွေ ဒီရက်ပိုင်း ပိုများလာတာပါ။ ကူးစက်မှုတွေ ပိုဆိုးမလာစေဖို့ ပုဂ္ဂလိက ကျောင်း ၅ ကျောင်းထက်မနည်းကတော့ ယာယီ ပိတ်လိုက်ထားတယ်လို့ ပုဂ္ဂလိကကျောင်း တခုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားမိဘတဦးက ဗွီအိုအေကို ပြောပါတယ်။

"အမတို့ကလေးတွေတက်တဲ့ကျောင်းမှာလည်း ဒီနေ့ကနေစပြီးတော့ သောကြာနေ့ အထိ တပါတ်ပိတ်တယ်။ တနင်္လာနေ့မှပြန်ဖွင့်မယ်။ စာထုတ်ထားတယ်။ အမတို့ကျောင်း အပါအဝင် နောက်ထပ် ၄ ကျောင်းလောက်ကလည်း အဲလိုကျောင်းပိတ်ပါတယ်လို့ အဲလိုစာထုတ်ထားတယ်။ ကလေးတွေကဖျားကြတယ်။ နောက်သွေးလွန်တုပ်ကွေး၊ တချို့က ရိုးရိုးတုပ်ကွေး။ တချို့ကျ အဆုတ်ယောင်တယ်။ များတာက ကလေးငယ်တွေမှာပဲ ဖြစ်တာများတယ်။ ဖျားတာတော်တော်ဖျားကြတယ် အမကလေးဆိုလည်းချောင်းနာတယ်။ ဖျားတယ်။ အာသီးယောင်တယ်။ သူ့ကိုကပိုးသတ်ဆေးတိုက်တော့ ပျောက်တယ်။ သူကရိုးရိုးတုပ်ကွေးပေါ့။ တချို့ကျ သွေးလွန်တုပ်ကွေးဖြစ်တယ်။ အဲလို ဖြစ်ပြိး ပျောက်သွားတယ် ဆိုပြီး ကျောင်းတက်ကြတယ်။ အဲလိုကနေ ကူးကူးပြီးကလေးတွေခုဆိုတော်တော် လေးဖျားကြတယ်။"

ပုဂ္ဂလိက ကျောင်းတော်တော်များများ ကတော့ အနည်းဆုံး ၂ ရက်ကနေ အများဆုံး တပတ်အထိ ယာယီပိတ်ထားတဲ့အကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ကူးစက်မြန်တဲ့ ရောဂါဖြစ်နေတာမို့ ကျောင်းသားမိဘ တော်တော်များများ ကတော့ စိုးရိမ်နေကြပါတယ်။ ရန်ကုန် မြို့က ကျောင်းသားမိဘတဦးက ခုလို ပြောပါတယ်။

"ခဏခဏ ကလေးတွေချောင်းဆိုးတာ၊ ဝမ်းပျက်တာ။ ရင်ကြပ်တာ၊ အသက်ရှုမဝတာ တွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေ ဖြစ်ရင်ကျောင်းမလာခိုင်းနဲ့တဲ့ အိမ်မှာဘဲပေးနေ။. ဆေးခန်းသွားတဲ့ ရန်ကုန်မှာက အဲဒီအဆုတ်ယောင်ရောဂါဖြစ်နေတာပေါ့။ အဲတော့ကလေးအတွက်စိတ်ပူတယ်။ ကျောင်းမှာ အဲလိုနေမကောင်းတဲ့သူတွေဆီကနေ ကလေးကူးမှာစိတ်ပူတယ်။ နောက်ဒီလထဲလည်းစာမေးပွဲရှိနေတော့ ကျောင်းလဲမသွားစေချင်ဘူး။ ဒါပေမယ့် ကျောင်းမသွားခိုင်းရင်လဲ မဖြစ်တော့ ပို့နေရတယ်"

လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်လေပြွန်ရောင်နာရောဂါကို ရာသီတုပ်ကွေး ဗိုင်းရပ်စ်အနေနဲ့ သတ်မှတ်ထားတယ်လို့ ကျန်းမာရေး ဆရာဝန်တချို့က ပြောပါတယ်။ ဒီရောဂါ က ဘယ်လောက်ထိ စိုးရိမ်ရပါလဲ။ ဘယ်လို ဂရုစိုက်နေထိုင်သင့်ပါသလဲ။ အထွေထွေ အထူးကု ဒေါက်တာ ကျော်မင်းထွန်းက ခုလို ပြောပါတယ်။

"အခုအဆုတ်ရောင်ရောဂါကိုက ရာသီတုပ်ကွေးပေါ့နော် အဲလိုခေါင်းစဉ်တပ်ထားတာပေါ့နော်။ ရာသီတုတ်ကွေးမှာက အဓိကက နှာစေးတယ်။ ချောင်းဆိုတယ် ဖျားတယ်။ နောက်ပိုင်းကျ ချောင်းဆိုးကြာလာတာနဲ့အမျှ လေပြွန်ယောင်ပြီး အသက်ရှုကြပ် မောလာတဲ့ အဆင့်ပေါ့။ ချောင်းဆိုးကြာတာ အဓိကပြဿနာပေါ့။ လေပြွန်ကို သွားတိုက်ခိုက်သလိုဖြစ်နေတာပေါ့။ ကောင်းသွားသူ များတယ်။ စိတ်ပူရလဲ ဆေးရုံတင်ကုတာနဲ့ ပျောက်တယ်။ ဟိုလို Serious ရောဂါမျိုးမဟုတ်ဘူး။ အသက်အန္တရာယ် သေလောက်တာထိ မတွေ့သေးဘူး။ အဓိကကတော့ ဖြစ်တာနဲ့ မြန်မြန်ဆန်ဆန်ကု၊ ဖြစ်လာရင်ကျောင်းတွေ ကျူရှင်မပို့ဘဲ အိမ်မှာဘဲထား။ တယောက်ကနေ ကူးစက်ရင် တခြားကလေး တွေဆီ ကူးစက်တာမြန်ဆန်သွားမယ်ပေါ့။ ဒါကြောင့် အတတ်နိုင်ဆုံးပြောချင်တာက ဖြစ်ဖြစ်ချင်းနီးစပ် ရာဆေးရုံဆေးခန်းမှာ အတတ်နိုင်ဆုံး ကုသမှုခံယူဖို့ပါ။"

ရောဂါအခံ ရှိတဲ့ ကလေးတွေကတော့ ဒီရောဂါဒဏ်ကို ပိုခံစားရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ခုကာလမှာ ကလေးတွေ အနေနဲ့ ဂရုတစိုက် လက်ဆေးကြဖို့၊ မက်စ်တပ်ကြဖို့၊ အချိုနဲ့ အေးခဲစာတွေ စားသောက်တာ လျော့ဖို့၊ အအေးမခံဖို့ ကိုလည်း ကျန်းမာရေး ပညာရှင်တွေက သတိပေးပါတယ်။ မိုးရာသီကာလ ကလေးငယ်တွေကြား လက်ရှိ ကူးစက်မှုတွေနဲ့ပတ်သက်လို့ ကျန်းမာရေးဌာနက လည်း သတိပေးချက် တချို့ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG