သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထိန်းချုပ်ဖို့ကြိုးစားတဲ့ကြားထဲက ဆန္ဒပြပွဲတွေဆက်ဖြစ်


Myanmar
Myanmar

{{Zawgyi/Unicode}}

အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားကပဲ ဒီကနေ့လည်း နေရာအနှံ့မှာ ဆက်လက် ပေါ်ပေါက်နေပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းဖို့ ကြိုးစားရာက ထိပ်တိုက်ပြဿနာဖြစ်မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်မှာ ကိုယ်တိုင်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် စုစုက ပြောပြပေးပါမယ်။

(သီချင်းကြွေးကြော်သံ) "... လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည် အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည် ..."

မြန်မာနိုင်ငံ နေရာအနှံ့မှာ ဆန္ဒပြပွဲတွေ သီတင်း ၂ ပတ် နီးပါးကြာအောင် အရှိန်ကောင်းနေတာကြောင့် အာဏာပိုင်တွေဖက်က ထိန်းချုပ်ဖို့ ကြိုးစားတာတွေလည်း ရှိလာပါတယ်။ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့က အချက်အခြာ နေရာတွေမှာ ဆိုရင်လည်း လုံခြုံရေးတပ်ဖွဲ့တွေကို အင်အားတိုးမြှင့်ချထားတာ တွေ့ရသလို၊ မနေ့ညပိုင်းကတည်းက လမ်းတွေမှာ အကာအရံ အတားအဆီးတွေလုပ်ဖို့ ပြင်ဆင်တာတွေလည်း ရှိခဲ့တာပါ။ ဒါကြောင့်လည်း ဆန္ဒပြပွဲကိုသွားဖို့ အစောပိုင်းမှာ စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့ ဒီကနေ့ ဆူးလေဘုရားအနီးက လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကိုသန့်ဇင်က ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ စစထွက်ချင်းတော့ စိတ်ပူတာပေါ့နော်။ သူတို့ ညကတည်းက ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတာဆိုတော့။ ဒါပေမယ့် ချောချောမွေ့မွေ့တော့ ပြီးသွားပါတယ်။ ကျနော်လည်း လမ်းမှာပဲရှိသေးတယ် အိမ်တော့မရောက်သေးဘူး။ " "(လုံခြုံရေး အာဏာပိုင်တွေနဲ့) ထိတွေ့မှုတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် ဒီညနေလောက် အချိန်အထိကတော့ ဘယ်လိုဆက်ဖြစ်မလဲတော့ မသိဘူး။ အခု ဆူးလေကပြန်လာတော့ တချို့ကျန်ခဲ့တဲ့ အဖွဲ့တွေလည်းရှိတယ်။"

သန်းနဲ့ချီတဲ့ လူထုကအင်အားပြဖို့ လှုံ့ဆော်ပြီး မနေ့တုန်းက ဆန္ဒပြပွဲမှာ ကားတွေ၊ ယာဉ်တွေ စက်ပျက်နေတယ်ဆိုပြီး လမ်းတွေပေါ်မှာ ပိတ်ဆို့ရပ်တန့် လှုပ်ရှားမှုတွေ ကြုံခဲ့ရပြီးနောက် ရန်ကုန်မြို့က တချို့နေရာတွေမှာ ယာဉ်တွေကို ဖယ်ရှားနိုင်မယ့် စက်ယန္တရားတွေကိုလည်း အာဏာပိုင်တွေ အသင့်ပြင်ထားကြပါတယ်။

ဒါပေမဲ့လည်း ဆန္ဒပြသူတွေက ဒီကနေ့ လှုပ်ရှားမှုအတွင်း ပုံစံတမျိုးပြောင်းပြီး ကားတွေကို နှေးနိုင်သမျှ နှေးအောင် အရှိန်လျှော့မောင်းနှင်တာ၊ လူကူးမျဉ်းကြားမှာ အုပ်စုလိုက်လမ်းကူးတာမျိုးတွေနဲ့ လုံခြုံရေး အာဏာပိုင်တွေ ဆန္ဒပြသူတွေထံ အလွယ်တကူ မရောက်နိုင်အောင် ပိတ်ဆို့တားဆီးတာတွေလည်း တွေ့ရပါတယ်။

(ကြွးကြော်သံ) " ပြည်သူ့အာဏာ ... ပြည်သူ့ပြန်ပေး၊ ပြည်သူ့အာဏာ ... ပြည်သူ့ပြန်ပေး၊ ပြည်သူ့အာဏာ ... ပြည်သူ့ပြန်ပေး..."

အလုပ်မဆင်းပဲ အနုနည်းနဲ့ ကန့်ကွက်တာတွေ၊ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ သီတင်း ၂ ပတ်လောက်ကြာလာချိန်မှာတော့ အာဏာပိုင်တွေက လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာနေတာကြောင့် ထိပ်တိုင်ရင်ဆိုင် ပြဿနာမဖြစ်အောင်လည်း ဆန္ဒပြသူတွေ သတိထားနေကြပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးကတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တတ်နိုင်သမျှ ထိပ်တိုက်မဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

"ဒီနေ့ကတော့ ညီမတို့ တပ်နဲ့တော့ မဆုံဘူးပေါ့နော်။ မနေ့ကတော့ ညီမတို့က ထိုင်သပိတ်ပေါ့နော်။ ဒီနေ့သွားတဲ့လမ်းကြောင်းကတော့ အဆင်ပြေပါတယ်။ ပြီးတော့ ညီမတို့ နည်းနည်းစောစောပြန်လာတယ်ပေါ့နော်။ အရှေ့မှာတော့ သူတို့ရှိသေးတယ်ဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ညီမမသိခဲ့ဘူး။"

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာ ဒီကနေ့လည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးမှုတွေ၊ ဖမ်းဆီးဖို့ ဝရမ်းထုတ်တာတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို အင်အားသုံးနှိမ်နင်းတာတွေ၊ ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်ရှင်။

......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG