သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စီမံကိန်းများ ပွင့်လင်းမြင်သာလုပ်ဖို့ တောင်းဆို


တရုတ်စီမံကိန်းများ ပြည်သူကို ပွင့်လင်းစွာချပြရေး တောင်းဆိုဆန္ဒပြနေသူများ။ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)
တရုတ်စီမံကိန်းများ ပြည်သူကို ပွင့်လင်းစွာချပြရေး တောင်းဆိုဆန္ဒပြနေသူများ။ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့နဲ့ တရုတ်နိုင်ငံနဲ့လုပ်မယ့် စီမံကိန်းတွေအတွက် မြန်မာပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့မှာ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာနဲ့ သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးနေချိန်မှာပဲ ရန်ကုန်မှာ အခုလို ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မေခက တင်ပြပေးထားပါတယ်။

တရုတ်သမ္မတ Xi Jinping ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ဟာ မနေ့က စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ နှစ်နိုင်ငံကြား လုပ်ဆောင်မယ့် စီမံကိန်းတွေ အပါအဝင် သဘောတူညီမှု ၃၃ ခုအတွက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုးလိုက်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေသိအောင် ချပြဖို့အပြင် လူထုသဘောမတူတဲ့ မြစ်ဆုံစီမံကိန်းကိုပါ အပြီးတိုင်ရပ်စဲပေးဖို့ လူမှု လူ့အဖွဲ့အစည်း ၅၀ ကျော်က စုပေါင်းပြီး ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ စုဝေးတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဘယ်စီမံကိန်းမျိုးကို ဘယ်လိုလုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ် ဆိုတာကို အစိုးရက ပြည်သူသိအောင် ထုတ်ပြန် ပြောကြားတာမျိုး မရှိတဲ့အတွက် လူမှု လူ့အဖွဲ့အစည်းတွေက ဘဝင်မကျ ဖြစ်နေကြတာပါ။

ဒါ့အပြင် ဒီစီမံကိန်းတွေထဲမှာ မြစ်ဆုံစီမံကိန်းဆိုပြီး နာမည်တပ်ထားတာ မတွေ့ရပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို တမျိုးတဖုံ လှည့်ပြီး လုပ်ဆောင်လာမှာကိုလည်း မလိုလားကြပါဘူး။

တရုတ်နဲ့ ဆောင်ရွက်မယ့် ကြီးမားတဲ့ စီမံကိန်းကြီးတွေအတွက် ပွင့်လင်းမြင်သာမှု မရှိတာကို ပွင့်ပွင့်လင်းလင်း ချပြဖို့နဲ့ အရင်အစိုးရလက်ထက်က သဘောတူထားတဲ့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့က ကိုအောင်စိုးက ပြောပါတယ်။

“ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်။ ဒေသဖွံ့ဖြိုးရေး အများကြီး လုပ်ပေးရလိမ့်မယ်။ ဒေသခံ ပြည်သူတွေကော လက်ခံလား၊ သဘာဝပတ်ဝန်းကျင်ကော ထိန်းသိမ်းရဲ့လား၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လုပ်မယ်ဆိုရင် ကျနော်တို့ လက်ခံမှာပါ။ နိုင်ငံတကာစံနှုန်းနဲ့ မညီတာ၊ နောက် ဒေသကလည်း လက်မခံတာတွေ ရှိရင်တော့ အပြီးတိုင်ရပ်ဖို့ သတိပေးချင်ပါတယ်။ ဖြစ်လိုက်တိုင်း တရုတ်လုပ်ငန်းရှင်တွေပဲ ဥပဒေချိုးဖောက်တယ်။ တရားဥပဒေစိုးမိုးရေးပါ တရုတ်က ထိပါးလာတယ်။ စီးပွားရေးလုပ်ရင် နိုင်ငံဥပဒေနဲ့အညီ လုပ်ဖို့ တိုက်တွန်းလိုတယ်။”

အခုလို ဆန္ဒပြ တောင်းဆိုနေတာဟာ တရုတ်နိုင်ငံနဲ့ လုပ်ဆောင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို မလိုလားတာကြောင့် မဟုတ်သလို တရုတ်ဆန့်ကျင်ရေး လုပ်နေတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်ရင် မြန်မာပြည်သူတွေအတွက် အကျိုးအမြတ်မရဘဲ မြေယာပြဿနာ၊ အလုပ်သမား ပြဿနာကစပြီး ပြဿနာမျိုးစုံနဲ့ ကြုံနေတာကြောင့် တရုတ်နဲ့ဆောင်ရွက်မယ့် စီမံကိန်းတွေကို သေချာစိစစ်ပြီးမှ လက်ခံဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တောင်းဆိုနေတဲ့ တက်ကြွလှုပ်ရှားသူ ကိုကျော်လင်းဦးကလည်း မြန်မာနိုင်ငံထဲမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုရင် ဒေသခံ တိုင်းရင်းသားပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးရေးကို အလေးထား စဉ်းစားပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ မြစ်ဆုံစီမံကိန်း၊ နောက် လက်ပံတောင်း စတာတွေပေါ့။ တရုတ်စီမံကိန်းတွေ တော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် စာချုပ်မှာ ဘာတွေပါလဲဆိုတာ မသိရဘူး။ အစိုးရဘက်က ပြည်သူတွေကို ချပြတာလည်း မရှိဘူး။ ပွင့်လင်းမြင်သာစွာ မရှိဘူး။ လုပ်ချင်တိုင်း လုပ်နေတာ အများကြီးဖြစ်နေတာ။ ကျနော်တို့တွေက စီမံကိန်းတွေ အကုန်ကို လက်မခံနိုင်ဘူး။ တာဝန်ခံမှု တာဝန်ယူမှု ရှိရမယ်။ ဒေသခံပြည်သူတွေ နစ်နာမှုတွေကိုလည်း စဉ်းစားပေးစေချင်တယ်။ ဒေသအတွက် အကျိုးလည်းဖြစ် စံချိန်စံညွှန်းညီရင်တော့ ကျနော်တို့ လက်ခံရမှာပါ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ရေရှည် တည်မြဲချင်ရင် ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်ဖို့လိုအပ်တယ်။”

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကတော့ တရုတ်သံရုံးကို မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်စဲပေးဖို့ အပါအဝင် ဘယ်စီမံကိန်းတွေ လုပ်ဆောင်လုပ်ဆောင် မြန်မာပြည်သူအကျိုးကို ကြည့်ဖို့၊ တရုတ်လုပ်ငန်းရှင်တွေ အနေနဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ အပါအဝင် အချက် ၃၀ နီးပါးပါတဲ့ တောင်းဆိုချက်တွေကို တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာ ပေးသွားမယ်လို့ ပြောပါတယ်။

-------------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG