သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှာ ဒေသခံတွေစိုးရိမ်


ကချင်ပြည်နယ်ရှိ ဈေးတနေရာ
ကချင်ပြည်နယ်ရှိ ဈေးတနေရာ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေပြီး၊ လမ်းတံတားတချို့ ဖျက်ဆီးမှုတွေကြောင့် ဒေသတွင်းမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ ဆက်လက် ကြီးမြင့်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ KIA ရဲ့ မိုင်းထောင် ဖျက်ဆီးမှုကြောင့် မြစ်ကြီးနား - ပူတာအို လမ်းပေါ်က ပူတာအို နဲ့ ဆွမ်ပရာဘွမ်အကြားက တံတားတစင်း ပျက်စီးသွားခဲ့ကြောင်း မြန်မာစစ်တပ်က သတင်းထုတ်ပြန် ထားသလို၊ အစိုးရ စစ်တပ်က လုံခြုံရေးတွေ ထပ်မံဖြည့်တင်း ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ ကြီးထွားလာခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက တံတား၂စင်းဖျက်ဆီးခံရတဲ့နောက် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်တာတွေ ရပ်တန့်ခဲ့တဲ့ မြစ်ကြီးနားနဲ့ ပူတာအိုလမ်းမှာ ဒီလ ၁၉ရက်နေ့မှာ နောက်ထပ် တံတားတစင်းကို ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIAက မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။

လတ်တလော ဖျက်ဆီးခံရတဲ့ အခြေအနေကို ပူတာအိုမြို့ခံတဦးက အခုလို ပြောပါတယ်။

“ကြားရတာတော့ ပုန်ရင် တံတားလို့ ပြောတာပဲ။ ဆွမ်ပရာဘွမ်မြို့နဲ့ ဒီပူတာအို ကြားပေါ့။ ပုံရင်လို့ ကြားတယ်။ မနေ့က ။ သူတို့ရဲ့ အကြောင်းပြချက်တော့ တပ်က ထိုးစစ်ဆင်လို့လို့ ပြောတာပဲ။”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၆-၇ ၊ တံတားအမှတ် ၆/၁၄၈ ၊ အရှည် ၂၃၅ ပေ သံဘောင် ဘေလီ တံတားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် KIA က မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနဲ့ တံတားအောက်ဘက် သံဘောင်များနဲ့ တံတားမျက်နှာပြင် ယာဉ်သွားလမ်းတွေ ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်နေ့ကမိုင်တိုင် ၁၁၁ နေရာရှိ ဇနန်သံပေါင်ဘေလီတံတား နဲ့ မိုင်တိုင် ၁၁ဝ နေရာရှိ စီနင်ခ ချောင်းကူးတံတား နှစ်စင်းကို KIA က ဖောက်ခွဲ ဖျက်ဆီးခဲ့တဲ့နောက် ပူတာအိုခရိုင်ဟာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ပြီး စက်သုံးဆီနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

လောလောဆည် တွေ့ကြုံနေရတဲ့အခြေအနေကို ပူတာအို မြို့ခံက အခုလို ဆက်ပြောပါတယ်။

“ အခုချိန်မှာ ဓါတ်ဆီက တပုလင်းကို ၆ထောင်လောက်ထိပေးရတယ်။ တနေရာနဲ့ တနေရာ မတူဘူး။ ဒီမနက် ဆရာတယောက် ဒီမှာ ရောက်လာတော့ တပုလင်းကို ၅ထောင်တဲ့။ သူက တဂါလံဝယ်တာ ၃သောင်းနဲ့ ၁ထောင်ပေးရတယ်လို့ ပြောတယ်။ နောက် ဆရာတပါးပြောတာကျတော့ တပုလင်းကို ရွာမှာ ၆ထောင်ပေးရတယ်လို့ ပြောတယ်။ ကျနော်တို့ သွားဝယ်တော့ ၃ထောင်၅ရာ- ၄ထောင် အဲလို ပေးရတယ်။ တပုလင်းကိုလေ။ လောလောဆည်တော့ စက်သုံးဆီပေါ့ ဓါတ်ဆီပိုင်းမှာ အခက်အခဲရှိတယ်။ အရင်လမ်းတံတားမဖျက်ခင်ကတော့ မြစ်ကြီးနား ကုန်ဈေးနှုန်းနဲ့ နီးနီးလောက်ရှိတယ်။ ဒါပေမဲ့ ခုချိန်က တော်တော်လေး တက်သွားတယ်။ ဒီမနက် ကြားရတာတော့ ဟိုး ဆွမ်ပရာဘွမ်ဖက်မှာ ရိက္ခာတွေပြတ်နေတယ်။ ဆန်ပြုတ်သောက်တယ်သူတွေ ရှိတယ်လို့ ကြားတာပဲ။ ”

ဆွမ်ပရာဘွမ်ဖက်ကမှာ အစိုးရတပ်မတော်ဖက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာကလည်း ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ဖက်မှာ စစ်အင်အား တိုးမြှင့်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေသလို ပြည်သူတွေလည်း ထိတ်လန့်နေကြောင်း ပြောပါတယ်။

“ အောက်ပြည်အောက်ရွာကနေ စစ်ကြောင်းတွေတက်တယ်။ ပူတာအို၊ ဆွမ်ပရာဘွမ်ဖက်မှာ စစ်အင်အားတော့ တော်တော်လေး ဖြည့်တင်းနေတယ်။ မြင်တဲ့သူက ပြောနေကြတာ ကား ၂၀စီး၊ ၂၅စီး။ ၁၀စီး အဲလို သွားနေတယ်။ အင်အားဖြည့်တင်းပို့ဆောင်နေတယ်ဆိုတာ အဲဒါတော့ ကြားသိရတယ်။ မကြာခင်တော့ တိုက်ပွဲကြီးဖြစ်တော့မှာပဲဆိုပြီးတော့ ပြည်သူလူထုအနေနဲ့တော့ အခုလောလောဆည်မှာ စိုးရိမ်ကြောင့်ကျမှုတွေ ဖြစ်နေတာပေါ့။ ”

ဒီလ ၁ရက်နေ့က ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့မှာ တွေ့ဆုံခဲ့စဉ်က တပ်မတော်ဖက်က ထိုးစစ်တွေ ရပ်ဆိုင်းရင် KIA ဖက်ကလည်း တပ်တွေ ရုတ်သိမ်းဖို့ KIA ဖက်က ဆွေးနွေးခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ဒီတွေ့ဆုံပွဲနောက်ပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့ နှစ်ဖက်လုံးကဆန္ဒရှိကြောင်းလည်း KIOရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိတင်းမာမှုတွေ ဖြေလျော့နိုင်ဖို့ အမြန်ဆုံးတွေ့ဆုံသင့်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

“ ၁ရက်နေ့က တွေ့ဆုံပြီးတော့ ဆက်လက်လည်းပဲ တွေ့ဆုံဖို့ဆိုပြီး သူတို့ သဘောတူထားတာရှိတယ်။ အဲဒါ အမြန်ဆုံးတွေ့လိုက်ရင်တော့ ပိုကောင်းတာပေါ့လေ။ အခုလို တင်းမာမှုတွေ မဖြစ်ရလေအောင်ပေါ့။ ခန ခန တွေ့ဆုံပြီးမှ ဘယ်လို အဖြေရှာမလဲ။ ဘယ်လို လုပ်ကြမလဲ။ အလျော့အတင်းလေးနဲ့။ အခုလည်း တတိယအကြိမ် ၂၁ရာစုပင်လုံ ညီလာခံလည်း စတော့မှာဆိုတော့ စစ်ရေးအရ တင်းမာမှုတော့ မဖြစ်လေလေ ပိုကောင်းလေပေါ့ဗျာ။ ”

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး KIO ရဲ့ ထုတ်ပြန်ချက်မှာ တပ်မတော်ဖက်က KIA ရဲ့ တပ်မဟာတချို့တည်ရှိမှုကို အသိအမှတ်မပြုကြောင်း ဖော်ပြခဲ့သလို အဲဒီနောက်မှာ KIA က တပ်မဟာ အသစ် ၂ခုကို ထပ်မံ ဖွဲ့စည်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG