သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အေဖမ်းမိ တပ်မတော်စစ်သည် ၃ ဦး၊ ကချင်ငြိမ်းအကျိုးဆောင်ကတဆင့်ပြန်အပ်


ကေအိုင်အေဖမ်းမိ တပ်မတော်စစ်သည် ၃ ဦး၊ ကချင်ငြိမ်းအကျိုးဆောင်ကတဆင့်ပြန်အပ် (ဓါတ်ပုံ-Lum Zawng)

စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲမှာ ဒီကနေ့မှာတော့ ကာမိုင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ကချင်လက်နက်ကိုင်တပ် KIA ကထိန်းသိမ်းထားတဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကနေ တဆင့်ပြန်အပ်ခဲ့ပါတယ်။ နှစ်ဘက်စစ်ရေးအရ တင်းမာနေဆဲဖြစ်ပေမဲ့ မြန်မာစစ်တပ်နဲ့ကချင်တပ်ကြား အခုလိုလုပ်ဆောင်ချက်အပေါ် ကြိုဆိုပေမဲ့လို့ စစ်ဖြစ်နေတဲ့ နေရာတွေက အရပ်သားတွေကို စစ်တပ်ဘက်က ဖမ်းဆီးထားတာတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုတယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ဘက်က တောင်းဆိုပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ် KIA ကချင်လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား အထူးသဖြင့် တနိုင်းဒေသ၊ မိုးကောင်း၊ ဖားကန့်ဘက်နဲ့ မံစီ ဆွမ်ပရာဘွမ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ရေးက တင်းမာနေဆဲအခြေအနေမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ စနေနေ့ညနေပိုင်းမှာတော့ ကချင်ပြည်နယ် ကာမိုင်းမြို့နယ် ကထန်လံကျေးရွာမှာ တိုက်ပွဲအတွင်း ကချင်လက်နက်ကိုင်တပ် KIA က ထိန်းသိမ်းထားတဲ့ မြန်မာအစိုးရ စစ်တပ်ဘက်က စစ်သည်သုံးဦးကို ကချင်လက်နက်ကိုင်တပ်ဘက်က ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကတဆင့် မြန်မာတပ်ဘက်ကို ပြန်လည်အပ်နှံခဲ့ပါတယ်။

ကထန်လံကျေးရွာထဲမှာပဲထိန်းသိမ်းထားတဲ့ စစ်သည်တွေကို ပြန်လည်အပ်နှံတာကို ဒေသခံသတင်းသမားတွေနဲ့အတူ ကိုယ်တိုင်လိုက်ပါသွားခဲ့တဲ့ Lum Zawng က ကချင်တပ်ဘက်က ပြန်အပ်နှံခဲ့တဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“KIO/KIA ဘက်ကနေ ၊ သူတို့ မြန်မာ့တပ်မတော်ရဲ့ စစ်သုံ့ပန်း ၊ ဖမ်းဆီးရမိထားတဲ့ စစ်သား ၃ ဦးကို ဂျနီဗာသဘောတူစာချုပ်အရ ၊ KIO/KIA က ဒီ ၃ ဦးကို ဘာမှရက်စက်တာမျိုးမလုပ်ဘဲနဲ့၊ ကောင်းမွန်စွာ နဲ့ စနစ်တကျ၊ ဒီငြိမ်းချမ်းရေးအကျိုးဆောင်ဖြစ်တဲ့ PCG ဘက်ကကနေ ကြားခံပေးပြီးမှ ၊ သူတို့ဘက်ကနေ တရားဝင် မြန်မာ့တပ်မတော်ရဲ့ လက်ထဲကိုအပ်ပေးတဲ့ ဒီလုပ်ဆောင်မှုကို ကျနော်တို့ တွေ့ရှိရတယ်။ ကျနော်ကတော့ ကချင်ဒေသမှာရှိတဲ့ တချို့သတင်းမီဒီယာ ၃ ၊ ၄ ဖွဲ့လောက်ကို ကျနော်က အကူအညီပေးပြီး သူတို့နဲ့ လိုက်ပါပေးတာပေါ့။ သူတို့ ၁ နာရီလောက်မှာ ကာမိုင်းမြို့နယ်မှာ KIO/KIA ဘက်က ရှေ့တန်းတပ်ဖွဲ့က တပ်ရင်းမှူးတွေနဲ့ပါ စစ်သုံ့ပန်း ၃ ဦးကို PCG ကတော့ ဖားကန့်ဘက်မှာရှိတဲ့ တပ်မတော်ဘက်ကို တရားဝင်သွားလွှဲအပ်ဖို့အတွက် သူတို့ ဒီညနေပိုင်းမှာ ထွက်သွားတာပေါ့နော်။ အခုချိန်မှာတော့ အပ်ပြီးပြီလို့ထင်ပါတယ်။”

အခုလို စစ်ရေးတင်းမာနေဆဲအချိန်မှာ ကချင်တပ်ဘက်ကနေ မြန်မာစစ်တပ်ဘက်က စစ်သည်တွေကို ပြန်ပေးခဲ့တာဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတရပ်အဖြစ်Lum Zawng က ရှု့မြင်ပြီး ဒေသတွင်း တိုက်ပွဲတွေ အမြန်ဆုံး ရပ်ပြီး တည်ငြိမ်အေးချမ်းစေလိုပါတယ်လို့ သူကပြောပါတယ်။

“ဒါက အင်မတန်မှကောင်းတဲ့လက္ခဏာ၊ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့လုပ်ဆောင်မှု တခုလို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဘာပဲပြောပြော၊ ဒီအတောအတွင်းမှာ KIO/KIA ခေါင်းဆောင်ပိုင်းတွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံတဲ့နောက်ပိုင်းမှာ ငြိမ်းချမ်းရေးအတွက် ရှေ့အလားအလာကောင်းတဲ့ လုပ်ဆောင်မှု တခုလို့ ကျနော်တို့က ကောက်ချက်ချပါတယ်။”

အခုလို မြန်မာစစ်တပ်ဘက်က စစ်သည်တွေကို ကချင်တပ်ဘက်က ပြန်လွှတ်လိုက်တဲ့ အပေါ် ကြိုဆိုလက်ခံပေမဲ့လို့ ကချင်တိုက်ပွဲတွေအတွင်း ကချင်တပ်နဲ့ ဆက်သွယ်မှုရှိတယ် ဆိုပြီး၊ ကချင်ကျေးရွာသားတွေနဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာတွေ ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က မခွန်ဂျာကပြောပါတယ်။

“KIO အနေနဲ့ ဒီလိုလွှတ်ပေးတဲ့အတွက်ကြောင့်မို့လို့ ၊ ကျမတို့အနေနဲ့တော့ အရမ်းဝမ်းသာတယ်။ ပြီးလို့ရှိရင်တော့ လွတ်မြောက်လာမယ့် တပ်မတော်သားတွေရဲ့ မိသားစုတွေ၊ အရာရှိတွေရဲ့ မိသားစုတွေလည်း တော်တော်ဝမ်းသာမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီဟာမျိုးပုံစံမျိုးကို၊ မည်သည့်တပ်မတော်မဆိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ ၊ သုံ့ပန်းများအတွက် သော်လည်းကောင်း၊ အရပ်သားများအတွက်တော့သော်လည်းကောင်း၊ လုံခြုံမယ်၊ အဲဒီတော့ ကျမတို့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကမပြီးနိုင်သေးဘူး။ သို့သော်လည်းပဲ၊ ဒီပြည်တွင်းစစ်မပြီးရင်တောင်၊ ဒီ International Humanitarian Law ကို လိုက်နာ ကျင့်သုံးပေးတယ်ဆိုလိုရှိလျှင်၊ ကျမတို့ ပြည်သူပြည်သားတွေအတွက်ကို တဘက်တလမ်းကနေ အထောက်အကူပြုတယ်၊ လုံခြုံတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့တော့ ဒီလိုပုံစံမျိုးနဲ့ တပ်မတော်တိုင်းကို ကျင့်သုံးစေချင်တယ်။”

အခုအချိန်အထိ ကချင်တပ်နဲ့ မြန်မာတပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အတွက် ဒုက္ခသည်အချို့ ပိတ်မိနေဆဲဖြစ်ပြီး လုံခြုံရေးဟာ စိုးရိမ်နေရဆဲအခြေအနေ ဖြစ်တယ်လို့ မခွန်ဂျာကပြောပါတယ်။

“ဒီ မုံဒိန်ပါ နဲ့ မိုင်းခေါင်ကြားထဲမှာဆိုရင်၊ အခုဒီရွာကလူတွေဆိုရင် တနေ့ကတည်းက ပိတ်မိနေတယ်။ အခုထိထွက်လာလို့မရဘူး။ ပြီးရင် အခုလောလောဆယ်လည်း ရွာ ၄ ရွာက လူဦးရေ တရာကျော်ကလည်း လာကယ်ထုတ်ပါဆိုပြီး အော်နေတယ်။ သို့သော်လည်းပဲ ၊ ကျမတို့အနေနဲ့ကလည်း သွားပြီးကယ်ထုတ်ဖို့အတွက် ဘယ်မှာမှ ခွင့်ပြုချက်မရသေးတဲ့အခါကျတော့၊ သူတို့တွေက အကယ်၍များ၊ တိုက်တော့မယ် ဆိုလိုရှိလျှင်၊ ညပ်မယ်သဘောမှာပြန်ရှိနေတယ်။ အဲဒီတော့ ဒီလိုအနေအထားမျိုးမှာ ဆိုရင်တော့ အဘက်ဘက်က ၀ိုင်းဝန်းစဉ်းစားပြီး ပြည်သူလူထုကို လုံခြုံတဲ့နေရာ ရောက်အောင်ကယ်ထုတ်ပြီးမှ၊ စစ်တိုက်မယ်ဆိုလည်း ဆက်တိုက်ကြရင်တော့ အကောင်းဆုံးဖြစ်တယ်။ လောလောဆယ်တော့ ပြည်သူတွေနားလှပြီ။”

ဒီကနေ့ညနေပိုင်း မြန်မာစစ်တပ်ဘက်က စစ်သည်တချို့ ပြန်လည်လက်ခံတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုချိန်အထိတော့ ကချင်လက်နက်ကိုင်တပ်ဘက်ရော မြန်မာစစ်တပ်ဘက်ပါ တစုံတရာ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG