သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လီဆူရွာသားတွေ ပြန်လွှတ်ဖို့ KIA ကိုတောင်းဆို


ကချင်ပြည်နယ်ဘက်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ကဖမ်းဆီးထားတဲ့ လီဆူတိုင်းရင်းသား (၂၈)ယောက် ကိုပြန်လွှတ်ပေးဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တွေကနေတောင်းဆိုနေပေမဲ့ ဒီကနေ့အထိတော့ ပြန်လည် လွတ်မြောက် လာတာမရှိသေးပါဘူး။ ဖမ်းဆီးခံရတဲ့သူတွေဟာ ကချင်လွတ်လပ်ရေး တပ်မတော်ကနေ တာဝန်ထမ်း ဆောင်ဖို့ခေါ်တာဖြစ်ကြောင်း KIOဘက်ကပြောပါတယ်။ ဒါ့အပြင် စစ်ရေးအခြေအနေအရ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က တံတားနှစ်စင်းနဲ့လမ်းတွေကို KIOဘက်က ဖျက်စီးခဲ့သလို ပူတာအိုဒေသခံတွေအတွက် လမ်းပန်း ဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းရေးမှာအခက်တွေ့နေတဲ့အခြေအနေမှာရှိနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကပြောပြပေးမှာပါ။

ကချင်ပြည်နယ် ပူတာအိုနဲ့ ချီဗွေမြို့နယ်ထဲက လီဆူတိုင်းရင်းသား ၂၈ ယောက်ကို KIOကချင်လွတ်လပ်ရေးအဖွဲ့ကနေ ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး KIOရုံးတွေကိုတင်ပြထားပေမဲ့အကြောင်းထူးခြားလာတာမရှိဘူးလို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးဆီဖာလာလူးကပြောပါတယ်။

"ကျွန်တော်တို့မနေ့ကတော့သဘောထားထုတ်ပြန်ချက်ထုတ်လိုက်တဲ့နောက်ပိုင်း KIOဌာနချုပ်ကို ကျွန်တော်တို့ စာတော့ပို့ထားပါတယ်ခင်ဗျ။ အခုထိတော့ဘာမှထူးခြားမှုမရှိသေးဘူး။ ရွာသားဆိုရင်ကျွန်တော်တို့ ပူတာအိုက(၅) ဦးပါမယ်။ မြစ်ကြီးနားရွှေစက်က(၁၂)ဦးပါမယ်ခင်ဗျ။ ဝိုင်းမော် မခေါရောင်က(၂)ဦး။ (၂၇)ရက်ကဖမ်းသွားတဲ့(၇)ယောက် ကတော့ မြစ်ကြီးနားကြက်ပေါင်ခြံကဖြစ်တယ်။ ချီဗွေဘက် တဖက်ကမ်းမှာဖမ်းသွားတယ်။ အထူးသဖြင့် ကျွန်တော်တို့ လီဆူတွေကိုသာ ရရင်ရသလိုဖမ်းသွားတာ စစ်သားလုပ်ခိုင်းတာတို့ ဒါမျိုးတွေရှိနေပါတယ်ခင်ဗျ။"

လီဆူရွာသားတွေကို ပြီးခဲ့တဲ့ဇန္နာဝါရီ(၂၇)နဲ့(၂၈)ရက်နေ့တွေမှာ KIAကချင်လွတ်လပ်ရေးတပ်မတော်ဘက်က ဖမ်းဆီး သွားတာဖြစ်ပြီး သတင်းအစအနမရရှိသေးဘူးလို့ ဦးဆီဖာလာလူးကပြောပါတယ်။

ဒီလိုဖမ်းဆီးမှုနဲ့ပက်သက်လို့ ကချင်လွတ်လပ်ရေးအဖွဲ့KIOရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အခုလိုရှင်း လင်းချက်ပေးပါတယ်။

'လီဆူဆိုတာကလဲကျွန်တော်တို့ကချင်တွေပါဘဲ။ ကချင်တိုင်းရင်းသားပါ။ ကျွန်တော်တို့ရဲ့တော်လှန်ရေးတာဝန် တွေကိုထမ်းဆောင်ဖို့ပါဘဲ အားလုံးမှာတာဝန်ရှိပါတယ်။ တာဝန်ထမ်းဆောင်ဖို့အခုလိုလုပ်တာဖြစ်ပါတယ်။လူငယ်တွေ ကျန်းမာတဲ့အရွယ်ရောက်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတိုင်းမှာ တာဝန်တွေကိုထမ်းဆောင်ဖို့ ကျွန်တော်တို့လမ်းညွှန် ထားတာရှိပါတယ်။"

ကချင်ပြည်နယ်အတွင်းမှာ လီဆူ ရှမ်းနီစတဲ့လူမျိုးစုတွေအပေါ် လူသစ်စုဆောင်းတာတွေ မကြာခဏဖြစ်ပွါးလေ့ရှိပါ တယ်။

KIAကနေ အတင်းဓမ္မဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အမြန်ဆုံးတွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ တနင်္လာ နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ဇန္နာဝါရီ(၂၈)ရက်နေ့မှာ ကချင်ပြည်နယ်မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က တံတားနှစ်စင်း ကို ကေအိုင်အေကနေ ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ KIOရဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

"အခုချိန်မှာ စစ်ရေးတင်းမာနေတဲ့အနေအထားဖြစ်နေတယ်။ အဲဒီစစ်ရေးကိုပြန်သုံးသပ်ကြည့်တော့ KIAတွေကတောထဲမှာ ရှိနေတယ်။ သီးသန့်ရှိတဲ့နေရာမှာ တပ်မတော်ဖက်က လာပြီးမှစစ်ဆင်ရေးလုပ်တယ်။ လာပြီးမှတိုက်တာပေါ့။ ဆိုတော့ သူတို့စစ်ကြောင်းထိုးတဲ့နေရာဘက်မှာ လက်နက်တွေ စစ်ကိရိယာတွေ သယ်လာတဲ့လမ်းကြောင်းတွေကို ဖြတ်တောက် တဲ့ သဘောမျိုးနဲ့ လမ်းတံတားတွေကိုဖျက်လိုက်တာဖြစ်ပါတယ်။"

ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က တံတားနှစ်စင်းပျက်စီးပြီးလမ်းပျက်သွားလို့ ပူတာအိုဒေသခံတွေအတွက် လမ်းပန်း ဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းရေးမှာအခက်တွေ့နေတယ်လို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးဆီဖာလာလူးကပြောပါတယ်။

"ဒီလမ်းဟာဆိုလို့ရှိရင် ပူတာအိုခရိုင်ရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရတဲ့ တခုတည်းသော ပြည်ထောင်စု လမ်းမကြီးဖြစ်တယ်။ တခြားလမ်းလဲမရှိတဲ့အတွက် တစ်အချက်ကတော့ကုန်စည်စီးဆင်းမှုပြတ်တောက်သွားမယ်။ လအါးပန်းဆက်သွယ်သွားလာမှုကပြတ်တောက်သွားတယ်။ အဲဒီတော့ကျွန်တော်တို့ပူတာအိုဟာဆိုလို့ရှိရင် ဒီမြစ်ကြီးနား အောက်ပိုင်းကနေ စားနပ်ရိက္ခာ လူအသုံးဆောင်ကအစ စက်သုံးဆီကအစ မျှော်မှန်းပြီးမှအသက်ရှက်ရတဲ့ခရိုင် တခု ဖြစ်ပါတယ်။ စက်သုံးဆီတွေအဆမတန်ဈေးမြင့်သွားတယ်။ စားသောက်ကုန်ပစ္စည်းတွေ အဆမတန်ဈေးမြင့်သွားတယ်။ တော်တော်လေးဒုက္ခရောက်နေကြတယ်ထင်ဗျ။"

မြစ်ကြီးနားကနေစပြီး ပူတာအိုအထိ မိုင် ၂ ရာကျော်အကွာအဝေးရှိတဲ့ လမ်းကြောင်းဟာ ပူတာအိုဒေသရဲ့ ကုန်စည် ကူးသန်း သွားလာရေးအတွက် အဓိက အသုံးပြုနေရတာ ဖြစ်ပါတယ်။

လက်ရှိကချင်ပြည်နယ် ဆွမ်ပရာဘွမ် မံစီ မြစ်ကြီးနား မိုးကောင်း တနိုင်းမြို့နယ်ဒေသတွေမှာမြန်မာ့တပ်မတော်နဲ့ KIAကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေရက်ဆက်ဆိုသလိုဖြစ်ပွါးနေပါတယ်။

မနေ့က တနိုင်းဘက်မှာတိုက်ပွဲဖြစ်ပွါးခဲ့လို့ တနိုင်းမှော်လုပ်သား(၁၀၀၀)ဝန်းကျင်ဟာ ပြန်မထွက်နိုင်သေးဘဲ ပိတ်မိနေ ဆဲလို့ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဦးဇော်ဂျတ်က ပြောပါတယ်။

နောက်ဆုံးအခြေအနေက (၁၀၀၀)ဝန်းကျင်ကပိတ်မိနေဆဲဘဲ။ ဘာမှရိက္ခာမရှိတော့တာသူတို့မှာ။ လုစားရတဲ့အဖြစ် တောင်ပြောတယ်။

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ ဖမ်းဆီးမှုအပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှုတွေ မကြာခနဖြစ်ပွါးလေ့ရှိပါတယ်။

KIO ဟာ UWSO ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ရဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCCအဖွဲ့ဝင်လဲဖြစ်သလို NCAလမ်းကြောင်းကိုလက်မခံနိုင်သေးတဲ့အခြေ အနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG