သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်များကူညီရေး လမ်းပမ်းအခက်အခဲရှိနေ


ပိတ်မိနေတဲ့ ကချင် ဒုက္ခသည်များ (Hkun Awng Nlam)
ပိတ်မိနေတဲ့ ကချင် ဒုက္ခသည်များ (Hkun Awng Nlam)

ကချင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်နေပေမဲ့ ဆရာဝန်တွေဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစေတနာ့ဝန်ထမ်းအဖွဲ့တွေ အဲ့ဒီ့ကို အရောက်သွားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ ဒါ့အပြင် ရာသီဥတုဆိုးဝါးတဲ့ ဒဏ်ကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှု အကူညီပေးနိုင်ဖို့အတွက်လည်း တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ဆိုပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကစလို့ ကချင်ပြည်နယ် တနိုင်း၊ မန်စီ၊ ဆွမ်ပရာဘွမ် ၊မိုးကောင်း ဖားကန့်ဒေသတွေမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လက်နက်ကိုင်တပ် KIA တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီးတော့ တပ်စခန်းရှိတဲ့နေရာတွေကို မြေပြင်ကရော ဝေဟင်ကပါ စစ်ဆင် တိုက်ခိုက်နေလို့ ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

တောတောင်တွေထဲ တိမ်းရှောင်ထွက်ပြေးနေရတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေမှာ ရာသီဥတုဆိုးဝါးတဲ့ အအေးဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ရသလို ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် အခမဲ့ဆေးကုသရေးအဖွဲ့က အထူးကုဆရာဝန်ကြီးတွေနဲ့ ဆရာဝန် သူနာပြုတွေပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့အနေနဲ့ စစ်ဖြစ်နေတဲ့နေရာတွေအထိသွားရောက်ပြီး လိုအပ်တဲ့ ကျန်းမာရေးဆေးဝါးကုသမှုတွေ ပေးနိုင်ဖို့အတွက် လမ်းတွေပိတ်ဆို့နေတဲ့အတွက် အခက်ခဲဖြစ်နေကြတယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက ပြောပြပါတယ်။

"အဓိကဖြစ်တဲ့နေရာတွေ တနိုင်းတို့ ပေါ့နော် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကျတော့ သွားလို့ကိုမရဘူး ဖြစ်နေတာ အဓိက လမ်းမှာ တိုက်ပွဲ ဖြစ်တော့ ကျမတို့က သွားရေးလာရေး ခက်ခဲနေတယ်။ ဟိုဘက်ကလည်း ပိတ်မိနေတဲ့လူတွေကလည်း ဒီတပ်က စိစစ်ပြီးမှ ဆိုတဲ့ အခါကျတော့ သူတို့ ထွက်လာဖို့လည်း ခက်နေတာ။ အဲဒီအခက်အခဲတွေ ဖြစ်နေတာပေါ့နော် အဲဒါ သွားကူညီမယ့်လူအဖွဲ့နဲ့ တွေ့ဆုံဖို့ခက်နေတာ။ အခမဲ့ ဆေးကုသရေးအဖွဲ့က ကျမတို့ ပြည်နယ်က ဆေးရုံကြီးကလည်း ပါတယ်။ နောက်ဆရာဝန်ကလည်းပါတယ်။ နောက်ရန်ကုန်ဘက်တို့ဘာတို့ဘက်ကလည်း ခွင့်ယူပြီးမှပေါ့နော် သူတို့ ပေးနိုင်တဲ့အချိန်မှာ သူတို့လာတယ်ပေါ့နော်။ နောက်ဒီကနေ ဆရာဝန်တွေလည်း ပါတယ်ပေါ့နော်။ အဲလိုမျိုး ဖွဲ့ထားတာပါရှင့်။"

ထောင်ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ လူမမည်ကလေးငယ်တွေ သားသည်မိခင်တွေနဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အဝတ်အစား၊ စောင်၊ ဆေးဝါး နဲ့ စားနပ်ရိက္ခာ သောက်သုံးရေတွေအတွက်လည်း အခက်ခဲဖြစ်နေကြရတဲ့အပေါ်မှာလည်း ဒုက္ခသည်တွေဆီကို အရောက်သွားပို့နိုင်ဖို့ လမ်းမှာ အခက်ခဲဖြစ်နေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွမ်ကပြောပါတယ်။

"အဲဒီ တနိုင်းဒေသဘက်ကနေ ဒုက္ခသည်တွေ ပိတ်ဆို့နေတဲ့သူတွေကို ထုတ်တော့ထုတ်ပေးတယ်။ ဒါပေမယ့် အားလုံးတော့ မကုန်သေးဘူး။ ကျနော်တို့ ဒီဘက်က သွားဖို့ကတော့ လုံး၀ မထွက်နိုင်ဘူး။ အခက်အခဲတွေကလည်း တော်တော်ရှိတယ် နောက်ပြီးမှ ဆန်အိတ် ဆေးဝါးတွေ ယူသွားဖို့ကလည်း ဘယ်လို မှ မဖြစ်နိုင်ဘူး။ ထိုနည်းတူ ဆွမ်ပရာဘွမ် ဘက်က ပိတ်ဆို့နေတဲ့ ၁၀၀၀ ကျော် IDP တွေကိုလည်း ကျနော်တို့ ဘာအစားအသောက် ရိက္ခာမှ ဆေးဝါးတွေ ပံ့ပိုးမှု မလုပ်နိုင်သေးပါဘူး။ ဒီအတိုင်းပဲ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ကို ကျနော်တို့ စောင့်နေပါတယ်။"

ဒါကြောင့် ဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသူတွေဆီ အမြန် အရောက်သွားနိုင်ဖို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရဘက်က ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ သွားရောက်နိုင်ရေးကြိုးပမ်းနေတဲ့ ဒေါ်ဒွဲဘူကလည်းပြောပါတယ်။

"သူတို့ဘက်ကတော့ ကျမတို့ သွားလာတဲ့အခါပေါ့နော်။ သွားရေးလာရေးလွယ်ကူဖို့အတွက် အကူအညီပေးဖို့လိုတယ် နောက်ပြီးမှ တပ်ဘက်နဲ့ ပြောဖို့ပေါ့နော် ကျမတို့ သွားလာနိုင်အောင် လုပ်ပေးဖို့တော့ အစိုးရအကူအညီ လိုအပ်ပါတယ်။ အခု ကျမတို့ သွားတဲ့အခါမှာ လမ်းတွေ ပိတ်နေတယ်။ သွားလာဖို့က ကျမတို့အတွက် အကြီးဆုံး အခက်အခဲပါရှင့်။ မြို့နဲ့ နီးတဲ့နေရာတွေတော့ ကျမတို့ တိုက်ရိုက်ထိတွေ့နိုင်တယ်ပေါ့နော်။ အခုလို တကယ့်တောထဲမှာ ပြေးနေတဲ့နေရာတွေ ရောက်ဖို့ဆိုရင် လုံခြုံရေးမကောင်းတဲ့နေရာမှာ ပိုပြီး ကျန်းမာရေးပြဿနာတွေနဲ့ တွေ့ကြုံနေရတဲ့အခါကျတော့ သွားရေးလာရေးအတွက် အဓိက စီစဉ်ပေးဖို့ ကျမတို့ လိုအပ်နေပါတယ်။ သွားလာနိုင်ဖု့ိပေါ့ ကျမတို့လည်း အချိန်ကြည့်ပြီးတော့ သွားလာတယ်။ ဒါပေမယ့် အခု ဆွမ်ပရာဘွမ် ပူတာအို ဘက်သွားမယ်ဆိုရင် အခု တံတားတွေ မရှိတော့တဲ့အခါကျတော့ ကျမတို့ ကားနဲ့ သွားဖို့ ခရီးစဉ်က ပျက်သွားတယ်ပေါ့နော်။ အဓိကတော့ ကျမတို့ သွားရေးလာရေး အဆင်ပြေဖို့ နဲ့ လုံခြုံရေးရဖို့ အဓိက လိုအပ်နေတာဖြစ်ပါတယ်ရှင့်။"

ဒါ့အပြင် ကချင်ပြည်နယ်တွင်းက စစ်ရေးတင်းမာနေတဲ့ လတ်တလောအခြေအနေတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်ခဲအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပေးပို့နိုင်ဖို့ ကူညီရေးအဖွဲ့တွေဘက်က ကြိုတင်ပြင်ဆင်ထားတဲ့အခြေအနေကိုလည်း ဒေါက်တာခလမ်ဆမ်ဆွမ်က ပြောပြပါတယ်။

"လွှတ်ပေးဖို့ပေါနော် ပိတ်ဆို့နေတဲ့လူတွေကို စစ်တပ်က ခွင့်ပြုပြီးမှ အားလုံး ၊ မိမိဆန္ဒအတိုင်း အဲဒီနေရာတွေကနေ ထွက်ခွာနိုင်ဖို့ကျနော်တို့ လိုချင်တာပေါ့ ပံ့ပိုးဖို့ကတော့ မဖြစ်နိုင်ဘူး ဆိုတော့ ကျနော်တို့က တကယ်လို့ ခွင့်ပြုမယ်ဆိုရင်တော့ ကျနော်တို့ တနိုင်းဘက်ကိုသွားပြီး ပံ့ပိုးဖို့အစီအစဉ်ကတော့ ရှိပါတယ်။ အစားအသောက်တွေဆေးဝါးတွေပေါ့ သွားပေးဖို့ ပြင်ဆင်ထားပါတယ်။"

ပြီးခဲ့တဲ့ရက်ကပဲ မြန်မာအစိုးရစစ်တပ်ဘက်က တိုင်းရင်းဒေသတွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ထိုးစစ်တွေကို မရပ်တန့်ဘူးဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ပူးပေါင်းပြီး ခုခံစစ်အဖြစ် တိုက်ခိုက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းအဖွဲ့က ကြေညာချက် ထုတ်လိုက်တဲ့အပေါ် ဒေသတွင်းတိုက်ပွဲတွေ ပို ပြင်းထန်ပြီး စစ်ရေးအရှိန်မြှင့် တင်းမာလာနေတဲ့ အခြေအနေအပေါ် ဒုက္ခသည်အရေး ကူညီပေးနေသူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG