သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်ဈေးနှုန်း အဆမတန်တက်မှု ပူတာအိုဒေသခံတွေ ဆန္ဒပြ


ပူတာအိုဒေသခံတွေဆန္ဒပြ (ပူတာအို ဒေသခံတဦး)
ပူတာအိုဒေသခံတွေဆန္ဒပြ (ပူတာအို ဒေသခံတဦး)

ကချင်ပြည်နယ် ပူတာအိုမြို့မှာ စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဒီကနေ့ ဒေသခံတွေ ရာနဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီလို ကုန်ဈေးနှုန်း ကြီးမြင့်တာဟာ မြစ်ကြီးနား- ပူတာအိုလမ်း လမ်းတံတားတွေကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖျက်ဆီးခဲ့တာကြောင့်ဆက်သွယ်ရေး ပြတ်တောက် ခဲ့လို့ ဖြစ်ပြီး လမ်းပြန်ပွင့်ရေးအတွက် KIA ကို ညှိနှိုင်းခဲ့ပေမယ့် အခြေအနေဟာ ဒီကနေ့ထိ တိုးတက် လာတာမရှိသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအို လမ်းက မိုင်တိုင်အမှတ် ၁၁၁က ဇနန်သံပေါင်ဘေလီ တံတားကို ဇန်နဝါရီလကုန်ပိုင်းက ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖျက်ဆီးခဲ့တဲ့နောက် ပူတာအိုမြို့မှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းဈေးတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပူတာအိုဒေသခံတွေဟာ ဒီကနေ့ မနက် ၈နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒေသခံတွေရဲ့ လိုလားချက်ကိုပူတာအိုမြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဒေသခံတွေအနေနဲ့ လမ်းတံတားတွေ ဖျက်ဆီးလို့ ကုန်ဈေးနှုန်းတွေ မဟားဒရား တက်လာတဲ့အခါကျတော့ ပြည်သူလူထုတွေ ခံစားနေရတဲ့ ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်ပါတဲ့။ နောက်တခုက လမ်းတံတား ဖျက်ဆီးမှုကို ချက်ချင်းရပ်ပါတဲ့။ နောက် လမ်းတံတား၊ စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးတဲ့ KIA ကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်ဆိုတဲ့ အဲဒီစာတမ်းလေးတွေပါတယ်။ လူက ၃၀၀လောက် တက်ပါတယ်။ စက်သုံးဆီတွေ အရမ်းဈေးကြီးတဲ့အခါကျ လူထုဆန္ဒဖော်ထုတ်မယ့်လူတွေတောင်မှ သွားဖို့ လာဖို့ အခက်အခဲရှိ တော့ ခြေလျင်နဲ့ လျှောက်နိုင်တဲ့ မြို့ပေါ်က လူတွေပဲ ထွက်လာတယ်။ ရွာက လူတွေ ဟိုမှ လက်သီးလက်မောင်း တန်းနေကြတယ်။”

ဓါတ်ဆီဈေးဟာ အရင်က ၄ထောင် ၅ရာကနေ အခုအခါ ၂သောင်းကျော်အထိ မြင့်တက်ခဲ့သလို ဆန်အပါအဝင် တခြား ကုန်ပစ္စည်းတွေလည်း ဈေး ၂ဆလောက် မြင့်တက်လာခဲ့တယ်လို့လည်း ပြောပါတယ်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း ပြန်လည်အသုံးပြုနိုင်ဖို့အတွက် လမ်းတံတားတွေ မဖျက်ဖို့နဲ့ လမ်းမကြီးအနီးကနေ KIA တပ်တွေ ရုတ်သိမ်းဖို့အတွက် ကချင်ပြည်နယ်အစိုးရက ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကို ဒီလ ၆ရက် နေ့က ခေါ်ယူဆွေးနွေးခဲ့ပြီး PCG က KIO ဗဟိုကို တင်ပြခဲ့ပါတယ်။

ဒီလ ၈ရက်နေ့မှာတော့ KIO ဖက်က အစိုးရတပ်မတော်ဖက်က ထိုးစစ်တွေ ရပ်ဆိုင်းဖို့ တုံပြန်လာကြောင်း PCG က ဦးလမိုင်ဂွမ်ဂျာက အခုလို ပြောပါတယ်။

“သူတို့ စစ်ဆင်ရေးလာလုပ်လာတာ ဖြစ်တဲ့အတွက်ကြောင့် လမ်းပေါ်တက်လာရခြင်းဖြစ်တယ်။ ဒါကြောင့် စစ်ဆင်ရေးကို ရပ်ဆိုင်းပေးပါ။ ထိုးစစ်ဆင်တာကို အားလုံးရပ်ဆိုင်းပေးရင်အားလုံးဆုတ်ပေးရင် ကျနော်တို့ လမ်းပေါ်မှာ နေစရာအကြောင်းလည်း မရှိဘူး။ လမ်းမမှာ မနေပါဘူးဆိုပြီး အဲဒီအတိုင်းပဲ ပြောပါဆိုပြီး အကြောင်းပြန်လာတာဖြစ်တယ်။ ”

ဒီအချက်ကို ဒီလ ၁ရက်နေ့က တရုတ်ပြည်မှာ တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တွေ့ဆုံဆွေးနွေးစဉ်ကလည်း KIO ဖက်က ဒီအချက် ပြောဆိုထားတယ်လို့ ပြောပါတယ်။

တရုတ်ပြည်တွေဆုံပွဲမှာ အစိုးရတပ်မတော်ဖက်က KIA တပ်မဟာတချို့ကို အသိအမှတ်မပြုကြောင်းနဲ့ တပ်ရင်း ၁၄အပါအဝင် တပ်ရင်းတချို့ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း KIO က သတင်းထုတ်ပြန် ထားပါ တယ်။ ဒီရက်ပိုင်းတွေမှာတော့ KIA က မူလ ရှိတဲ့ တပ်မဟာတွေ အပြင် နောက်ထပ် တပ်မဟာ ၂ခု ထပ်မံ တိုးချဲ့လိုက်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိအခြေအနေအရ တပ်မတော်နဲ့ KIA အကြားမှာ ပြေလည်ဖို့ ခက်ခဲနိုင်ကြောင်း ဦးလမိုင်ဂွမ်ဂျာက သုံးသပ်ပါတယ်။

“လောလောဆည်က ပြေလည်နိုင်မယ့် အခြေအနေတော့ သိပ်တော့ မရှိဘူးထင်တယ်။ တပ်မတော်ဖက် ကလည်း စစ်ကြောင်းတွေ တပ်တွေ တိုးလာတာဖြစ်တယ်။အဲလိုနဲ့ပဲ တယောက်နဲ့ တယောက် သူတိုးတယ်၊ ကိုယ်တိုးတယ်နဲ့ပဲ ဇာတ်လမ်းက ပိုပိုပြီး ကြီးမားလာမယ့် အခြေအနေဖက်ကိုရောက်မယ်လို့ ကျနော်က ဒီလိုပဲ ထင်တယ်။ ”

ဒီလ ၁ရက်နေ့က တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ တရုတ်နိုင်ငံ တာလီမြို့မှာ ဆွေးနွေးခဲ့စဉ်က သဘောတူညီချက် တစုံတရာမရခဲ့ပေမဲ့ ထပ်မံတွေ့ဆုံဖို့ နှစ်ဖက်လုံးက ဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဘယ်အချိန်မှာ ထပ်မံ တွေ့ဆုံမယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG