သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဖန်မှုတွေကြားက ရုရှားသမ္မတခရီးစဥ် ဗီယက်နမ် ကြိုဆို


ရုရှားသမ္မတ Vladimir Putin ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်ကို ရောက်လာစဥ်။ (ဇွန် ၂၀၊ ၂၀၂၄)
ရုရှားသမ္မတ Vladimir Putin ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်ကို ရောက်လာစဥ်။ (ဇွန် ၂၀၊ ၂၀၂၄)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့မြောက်ကိုရီးယား တရက်တာ နိုင်ငံတော် အလည်အပတ်ခရီးစဥ် ဗုဒ္ဓဟူးနေ့ကပြီးဆုံးခဲ့ပြီး ဗီယက်နမ် နိုင်ငံဟနွိုင်းမြို့တော်ကို ခရီးဆက်ခဲ့ပါတယ်။

ရုရှားနဲ့ဆက်ဆံရေးတိုးမြှင့်တာအပေါ် အမေရိကန်ရဲ့ဝေဖန်မှုတွေကြားကပဲ ဗီယက်နမ်ဟာ ကြာသပတေးနေ့ မနက်အစောပိုင်းမှာရောက်ရှိလာတဲ့ ရုရှားခေါင်းဆောင်ကို ကြိုဆိုခဲ့ပါတယ်။ ဗီယက်နမ်အစိုးရရဲ့ကြေညာချက်ထဲမှာတော့ သမ္မတပူတင်ရဲ့ခရီးစဥ်ဟာ “လွတ်လပ်စွာ ရပ်တည်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးမှု၊ ကွဲပြားမှု၊ နိုင်ငံစုံဝါဒတွေပေါင်းစပ်ထားတဲ့ ဗီယက်နမ်ရဲ့နိုင်ငံခြားရေးမူဝါဒကို တက်ကြွစွာ ကျင့်သုံးကြောင်း ပြသနေတယ်” လို့ ဖော်ပြထားပါတယ်။

ဗီယက်နမ်ဟာ အင်အားကြီးနိုင်ငံတွေကို တန်ပြန်ရာမှာ ရုရှားကို မဟာဗျူဟာမြောက်အဖြစ် ရှုမြင်ထားသလို ရုရှားကလည်း ဗီယက်နမ်ရဲ့ စွမ်းအင်ကဏ္ဍကနေ ကာကွယ်ရေးအထိ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒီသတင်းပတ်အစောပိုင်းတုန်းက ဟနွိုင်းက အမေရိကန်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာတော့ “ရန်လိုတဲ့စစ်ပွဲကို အားပေးမြှင့်တင်နိုင်ဖို့ ပူတင်ကို ဘယ်နိုင်ငံကမှ ခွင့်မပြုသင့်ကြောင်းနဲ့ ဒီလိုမှမဟုတ်ရင် ရက်စက်ကြမ်းကြုတ်မှုတွေဟာ သာမန်ကိစ္စလို လုပ်ခွင့်ရသွားမယ်” လို့ သတိပေးထားပါတယ်။

သမ္မတပူတင်ရဲ့မြောက်ကိုရီးယားခရီးစဥ်အတွင်းမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ အမေရိကန်နဲ့ သူ့ရဲ့အပေါင်းအပါးတွေရဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ ကိုလိုနီပြုကျင့်မှုတွေကို အတူတကွ တွန်းလှန်နေကြောင်း ပြုံယမ်းမှာ ကျင်းပတဲ့ ဧည့်ခံပွဲမှာ ရုရှားသမ္မတပူတင်က ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကလည်း သမ္မတပူတင်ကို "ကိုရီးယားပြည်သူတွေရဲ့ ချစ်ကြည် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း" အဖြစ် ညွှန်းဆိုခဲ့သလို ပူတင်ကလည်း မြောက်ကိုရီးယားရဲ့ "ယူကရိန်း အရေးမှာ ဘက်မလိုက်တဲ့ရပ်တည်ချက်" အတွက် ကင်မ်ရဲ့ခေါင်းဆောင်မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီခရီးစဥ်အတွင်းမှာ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဒါဟာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အောင်မြင်မှုလို့ ပြောပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘဲ ကိုယ့် နိုင်ငံတွေကို ကာကွယ်ရေး အတွက်လို့ ဆိုပါတယ်။ အနောက်နိုင်ငံတွေကတော့ ယူကရိန်းစစ်ပွဲမှာ ရုရှားအခေါ် အထူးစစ်ရေးကို ကင်ဂျုံအွန်းက ထောက်ခံပေးနေတဲ့အတွက် နှစ်နိုင်ငံပူးပေါင်းမှုအပေါ် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ ရှုမြင်နေကြပါတယ်။

သမ္မတပူတင်ရဲ့ ပြုံယမ်းခရီးစဉ်ကထွက်ပေါ်လာတဲ့ သဘောတူညီချက်အသစ်ကြောင့် နှစ်နိုင်ငံပိုမိုနီးကပ်လာစေနိုင်တယ်လို့ နိုင်ငံတကာ အသိုင်းအဝန်းက ရှုမြင်ကြပေမယ့် စာချုပ်ပါ စာသားအတိအကျကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ပူတင်ဟာ မြောက်ကိုရီးယားမြို့တော်မှာ ၂၁ နာရီ ကြာခရီးစဥ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ၁၀ နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရုရှားအစိုးရပိုင်း TASS သတင်းဌာနက ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားနှစ်နိုင်ငံ လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကျဆုံးခဲ့တဲ့ တပ်နီတော် တပ်ဖွဲ့ဝင်တွေကို အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့သလို နိုင်ငံတော်အဆင့် ဧည့်သည် ဇိမ်ခံကားပေါ်မှာအတူ လိုက်ပါစီးနင်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG