ရုရှားနိုင်ငံမှာ အလားအလာရှိတဲ့ ပြိုင်ဘက်အများစုကို ခြိမ်းခြောက်တာ ဒါမှမဟုတ် ထောင်သွင်း အကျဉ်းချထားတာကြောင့် မဲဆန္ဒရှင်တွေ ရွေးချယ်စရာမရှိဘဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ သမ္မတ Vladimir Putin ဟာ နောက်ထပ် ၆ နှစ် အုပ်ချုပ်မှု သက်တမ်းအတွက် အောင်ပွဲခံခဲ့ပါတယ်။
ရုရှားသမ္မတကတော့ ရွေးကောက်ပွဲဟာ ဒီမိုကနေစီနည်းကျ ကျင်းပခဲ့တာလို့ သဘောထားခဲ့ပြီး၊ ကန့်ကွက်မှုတွေကိုလည်း ပယ်ချခဲ့ပါတယ်။ ရှေ့မှာ လုပ်စရာတွေ အများအပြားရှိနေပြီး၊ သွေးစည်းညီညွှတ်မှု ရှိတယ်ဆိုရင် ဘယ်သူကမှ ဖိနှိပ်လို့မရဘူးဆိုတာ သမိုင်းမှာ ပြသခဲ့ပြီးဖြစ်တယ်လို့လည်း ထောက်ခံသူတွေကို ပြောခဲ့တာပါ။ ရုရှားသမ္မတနဲ့၊ ယူကရိန်းအပေါ် ကျုးကျော်စစ်ကို လူသိရှင်ကြား ဝေဖန်မှုတွေကို လက်မခံဘဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး ကျင်းပခဲ့တဲ့ ၃ ရက်ကြာ ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် ၂၄ နှစ်ကြာ အုပ်ချုပ်နေတဲ့ သမ္မတပူတင် နောက်ထပ် ဆက်ပြီး အာဏာရဦးမှာ ဖြစ်ပါတယ်။
ရုရှားရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သမ္မတပူတင်က မဲအားလုံးရဲ့ ၈၇ ရာခိုင်နှုန်း ရခဲ့တာပါ။ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိကြောင်း ပြောဆိုခဲ့တယ်လို့လည်း Reuters သတင်းက ဖော်ပြပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelensky ကလည်း ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခဲ့သလို၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း၊ အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani နဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး Jan Lipavsky တို့ကလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေကတော့ သမ္မတပူတင် ရွေးကောက်ပွဲ အနိုင်ရတဲ့အပေါ် ချီးကျုးစကားပါးခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ ကွန်မြူနစ်သမ္မတလောင်း Nikolai Kharitonov (နီကိုလိုင် ခါရီတိုနော့ဗ်) က မဲ ၄ ရာခိုင်နှုန်းနီးပါးနဲ့ ဒုတိယအများဆုံးရခဲ့ပြီး ပထမဆုံးအကြိမ် ယှဉ်ပြိုင်သူဖြစ်တဲ့ Vladislav Davankov က တတိယနေရာ၊ အမျိုးသားရေးအစွန်းရောက် Leonid Slutsky ကတော့ စတုတ္ထနေရာအသီးသီးရခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Forum