သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို


ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ဝိုင်းတော်သား ကိုသားညွန့်ဦး ကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီနေ့ မစ္စတာ ကင်တားနားက ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်ဆိုတော့ အဓိကက သူ ဘယ်လိုအကြောင်းရာတွေကို အလေးပေး ပြောဆိုသွားပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ မဆုမွန်ရေ.. ဒီကနေ့ မစ္စတာ ကင်တားနား ပြောသွားတဲ့ အကြောင်းရပ်တွေကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကြောင်းရပ်တွေ တော်တော်များများ စုံတာ တွေ့ရပါတယ်။ သူ တော်တော်လေး အလေးအနက်ထားပြီးတော့ ပြောသွားခဲ့တဲ့အထဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စပါတယ်။ နောက် ဒီ ကချင်ပြည်နယ်ကိစ္စနဲ့ ဒီအပစ်အခတ်ရပ်စဲရေး ကိစ္စတွေပါသလိုပဲ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပေါ့နော် ယဉ်ကျေးမှု မြန်မာနိုင်ငံမှာ ထွန်းကားဖို့ဆိုတဲ့ကိစ္စတွေ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်လို့ဆိုရင်တော့ မကြာသေးခင်တုန်းက ဒူချီးရားတန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ သူ အလေးအနက် အခုလို ပြောသွားပါတယ်။

သမ္မတကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းရေးကော်မရှင်လိုဟာမျိုး၊ နောက်တခုက မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်လိုမျိုး စုံစမ်းရေးဝင်တဲ့ဟာမျိုး၊ ပြည်တွင်းမှာလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ လွတ်လပ်မှု၊ နောက်တခုက တရားမျှတမှု ရှိ မရှိ ဆိုတာ အတော်လေးကို မေးခွန်းထုတ်ထားပါတယ်။ တကယ်တမ်း ဒီစုံစမ်းရေးကော်မရှင်တွေဟာဆိုရင် သူပြောတာက နိုင်ငံတကာ စံနှုန်းစံထားနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီးတော့ ဝေဖန်သွားတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း သူ့အနေနဲ့ ဒီလူ့အခွင့်အရေးကောင်စီကို တင်ပြပြီးတော့ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာအစိုးရနဲ့ လက်တွဲပြီးတော့ ဒူချီးရားတန်းကိစ္စကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်ဆိုပြီးတော့ ထောက်ပြသွားပါတယ်။

နောက် ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ပဲ သူပြောသွားတာက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးကိစ္စမဟုတ်ဘူး။ ဒေသတွင်းကိစ္စမဟုတ်ဘဲနဲ့ ပတ်ဝန်းကျင်ဒေသ တခုလုံးကိုပါ ရိုက်ခတ်တဲ့ အခြေအနေ ရှိနေတယ်ဆိုပြီးတော့ ဥပမာ - မလေးရှားမှာ ဖြစ်သွားခဲ့တဲ့ကိစ္စကိုပါ ထောက်ပြပြောဆိုသွားတာရှိပါတယ်။ တချိန်တည်းမှာပဲ သူက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေ၊ ဒီ မူဆလင်ဆန့်ကျင်ရေး အမုန်းတရားတွေ ပြန့်ပွားနေ၊ ပြောဆိုနေကြတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သူ ထောက်ပြသွားတာကတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်တွေကို ပြောဆိုသင့်တယ်၊ ဒါကိုလည်း သိဖို့လိုတယ်၊ နားထောင်ဖို့ လိုပါတယ်။ ဒါပေမဲ့ တဘက်မှာ ဒီအခြေအနေတွေကို နိုင်ငံရေးအရ အမြတ်ထုတ်တာ၊ လှုံ့ဆော်တာတွေကို သူ တွေ့နေရတယ်။ အဲ့ဒီကနေပြီးတော့မှ အဖြစ်အပျက်တွေ၊ အခြေအနေတွေဟာ ရခိုင်ပြည်နယ်ကိုပါ ကျော်လွန်ပြီးတော့ တခြားနေရာတွေကိုပါ ရောက်လာပြီဆိုပြီးတော့ သူက ထောက်ပြသွားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာဆိုရင် နောက်တခု သူ စိုးရိမ်တာတခုက ကုလသမဂ္ဂနဲ့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လုပ်နေရတဲ့ လက်ရှိ လူသားချင်းစာနာမှု ကိစ္စတွေမှာ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ သူ့အနေနဲ့ တော်တော် စိုးရိမ်တယ်လို့ ပြောသွားပါတယ်။

နောက်တခု ကချင်ပြည်နယ်နဲ့ ပတ်သက်လို့ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူ သွားခဲ့တဲ့အခါကျတော့ ဒုက္ခသည်တွေ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သူ ထောက်ပြပါတယ်။ အဲ့ဒီမှာ ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ နောက်တခုက အတင်းအဓမ္မ ဖမ်းဆီးမှုတွေ၊ နောက်တခုက ညှဉ်းပန်းနှိပ်စက်မှုတွေ ဒါမျိုးတွေဟာဆိုရင် အစိုးရဘက်ကရော၊ တဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ သူပုန်အဖွဲ့အစည်းတွေကပါ လုပ်နေတာတွေ့ရတော့ KIO နဲ့ တွေ့တဲ့အခါမှာလည်း ဒီကိစ္စကို သူ တော်တော်လေး ပြောခဲ့တယ်လို့ ပြောပါတယ်။ တဘက်မှာ ဒီကိစ္စတွေ ပြေလည်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးကို အောင်အောင်မြင်မြင် လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

KIO ဘက်ကလည်း သူ့ကို ဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ဖို့ဆိုရင်တော့ တဘက်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ရှိလာရမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးဖို့လိုတယ်ဆိုပြီးတော့ ထောက်ပြပါတယ်။ သူမြင်တဲ့အချက်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးမှာ စောင့်ကြည့်ရေးစနစ်တွေ အားနည်းတဲ့အခါကျတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြတယ်သာပြောတယ်။ ပစ်ခတ်မှုတွေ ပြန်ပြန်ဖြစ်နေတာကို သူ ထောက်ပြသွားတယ်။ အဲတော့ မြန်မာနိုင်ငံဟာ အခု သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စက အတော်လေးကို Challenging စိန်ခေါ်ချက် ပြဿနာတရပ် ဖြစ်တယ်ဆိုတာကို သူ ထောက်ပြသွားပါတယ်။

နောက်တချက်ကတော့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒါဟာ ပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိကာလမှာ အတော်လေး အရေးကြီးတယ်ဆိုတာကိုလည်း ထောက်ပြသွားတာ တွေ့ရပါတယ်။

မေး။ ။ အဲတော့ မစ္စတာ ကင်တားနားက အင်းစိန်အကျဉ်းထောင်ကိုလည်း သူ့ဒီခရီးစဉ်ထဲမှာ သွားရောက် လေ့လာခဲ့တယ်ဆိုတော့ အခု အာဏာပိုင်တွေဘက်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဆိုတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ရော သူ ဘာများ ပြောဆိုခဲ့တာ ရှိပါသလဲရှင့်။

ဖြေ။ ။ မစ္စတာ ကင်တားနားက သူ့ရဲ့ သက်တမ်းကာလအတွင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ကာလအတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ခုန သူ့အနေနဲ့ အသိအမှတ်ပြုပြီးတော့ ပြောရမယ့် အပြောင်းအလဲတွေဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို သူ အလေးအနက်ထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတချို့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်ဆိုတာကို သူ ထောက်ပြပါတယ်။ ဥပမာ - အင်းစိန်ထောင်ကိုသွားတယ်။ နိုင်ငံရေးအကျဉ်းသား ၄ ဦးနဲ့လည်း တွေ့ခဲ့ပါတယ်။ နောက်တခုက မကြာသေးခင်တုန်းက အဖမ်းခံရတဲ့ Unity သတင်းစာတိုက်က သတင်းထောက်တွေနဲ့ တွေ့ဖို့ သူ ကြိုးစားတယ်။ ဒါပေမဲ့ ထောင်ပြောင်းလို့ဆိုပြီး သူ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီက ဦးစိုးသိန်းနဲ့ တွေ့တယ်လို့ သိရပါတယ်။ တွေ့တဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ မြန်မာအာဏာပိုင်တွေဘက်ကလည်း နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေကို ဆက်လုပ်သွားမယ်၊ လွှတ်ပေးစရာ ရှိတာတွေ လွှတ်ပေးသွားမယ်ဆိုတဲ့အတွက် သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ ဒေါက်တာထွန်းအောင်ပေါ့။ သူကတော့ INGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ် ၃ ဦးဟာ နိုင်ငံရေးအကျဉ်းသား စာရင်းထဲမှာ မပါဘူးဆိုတာ သူသိရတော့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ကိစ္စကိုလည်း သူ့အနေနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

မေး။ ။ မစ္စတာ ကင်တားနားက အခု သူက သက်တမ်းကုန်တော့မယ့်အချိန်မှာ ပြန်သွားတော့မယ်ပေါ့နော်။ ဆိုတော့ သူ့ရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး တိုးတက်မှုတွေ၊ နောက် ဆုတ်ယုတ်မှုတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာများသုံးသပ်ချက် ပေးသွားတာရှိပါသလဲရှင့်။

ဖြေ။ ။ သူ ၆ နှစ်တာ တာဝန်ယူခဲ့တဲ့ ကာလအတွင်းပေါ့နော် အထူးသဖြင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်ကာလအတွင်းမှာ ထူးခြားတဲ့ တိုးတက်မှုတွေ တော်တော်များများ ရှိခဲ့တာကိုတော့ သူ အသိအမှတ်ပြုပါတယ်။ ခုန ကျနော်ပြောသလိုပေါ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စတွေ၊ နောက်တခုက တစုံတရာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပေးလိုက်တာတွေ၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပေးလိုက်တာတွေ ဒါတွေ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ အသွင်ကူးပြောင်းရေးမှာ အကဲစမ်းချက်၊ အဓိကကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စပါ။ တဘက်မှာ ဖယ်ထားလို့ မရဘူးပေါ့။ နိုင်ငံရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ စီးပွားရေးအရ တိုးတက်မှုပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားဖို့ ဆိုတဲ့ကိစ္စကို သူ အတော်လေး ထောက်ပြသွားပါတယ်။

ဥပမာဆိုရင် - သီလဝါကိစ္စဆိုရင် ဖွံ့ဖြိုးရေးကိစ္စကို လုပ်တယ်ဆိုပေမဲ့ တဘက်မှာ လယ်သိမ်း၊ ယာသိမ်းတွေ လုပ်တဲ့အခါမှာ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေဖြစ်တယ်။ လူ့အခွင့်အရေးကိစ္စကို အလေးအနက်ထားမှ ဒီကိစ္စက အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့နဲ့ ဖြစ်နိုင်မယ်ဆိုတာ သူ ထောက်ပြပါတယ်။ နောက် တချိန်တည်းမှာပဲ သူ ပြောတာက ရဲတပ်ဖွဲ့ဝင်တွေ၊ နောက် တရားရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ တော်တော်များများ ရှိသေးတယ်။ သူပြောတာက - သူကိုယ်တိုင်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲစခန်းတခုမှာ ဖမ်းဆီးခံရပြီးတော့ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ သေဆုံးသွားခဲ့သူရဲ့ မိသားစုနဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိ အချိန်ထိကို ဒီတရားရေးစနစ်တွေနဲ့ ရဲဌာနတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နောက်တခုက မမျှတမှုတွေ ရှိနေတုန်းပဲ။ ဒါတွေက တရားဥပဒေစိုးမိုးရေးအတွက် အတော်ကြီးကို အန္တရာယ်ရှိနေတုန်းပဲဆိုတာကို သူ ထောက်ပြသွားပါတယ်။

ဒါကတော့ ရန်ကုန်လေဆိပ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူထားတဲ့ ဝိုင်းတော်သား ကိုသားညွန့်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG