သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ICRC ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရ


တိုက်ခိုက်ခံရတဲ့ ICRC ရိက္ခာတင်ယာဉ်တန်း (သတင်းဓာတ်ပုံ - ရဲဇာနည်)

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်အကြား အကူအညီပေးရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ယာဉ်တန်းဟာ မနေ့ညပိုင်းကပဲ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မော်တော်ယာဉ် အနည်းငယ် ထိခိုက်ပျက်စီးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကတော့ အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်မယ့် ယာဉ်တန်းကို မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ကြားမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ICRC ရဲ့ ရန်ကုန်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဖြစ်တဲ့ဖြစ်စဉ်က မနေ့ညက ICRC က ကူညီထောက်ပံ့ရေး ပစ္စည်းတွေ တင်သွားတဲ့ကားတော့ ဟုတ်တယ်။ ICRC ဝန်ထမ်းလည်း မပါဘူး။ ICRC က ရုံးသုံးကား မဟုတ်ဘူး။ အပြင်ပို့ဆောင်ရေး ကုမ္ပဏီကို ငှါးပြီးသုံးတဲ့ ကားပေါ့လေ။ ကားမှာ က ICRC ရိက္ခာတွေ သယ်သွားတာပေါ့။ ကူညီထောက်ပံ့ရေး ပစ္စည်းတွေ အဲဒီလိုပါတယ်။ မောင်တောဘက်ကိုသွားတယ်။ ကားက မြောက်ဦးအထွက် ကျောက်တော်ဘက် အဝင် ဖြစ်မယ်။ ပေါက်ကွဲမှုဖြစ်တော့ တစီး ထိသွားတယ်။ အဲဒီကားက အပျက်အစီး နည်းနည်း ရှိတယ်။ လူအသေအပျောက် မရှိပါဘူး။ ကားက ခြောက် စီး သွားတယ်ခင်ဗျ။ လက်နက်ငယ်တွေလည်း ပစ်တာ ရှိတယ်လို့ပြောတယ်။ ၈ နာရီပတ်ချာလည်လောက်မှာ ဖြစ်တာ။”

တိုက်ခိုက်ခံရတဲ့ ICRC ရိက္ခာတင်ယာဉ်တန်းပုံ (သတင်းဓာတ်ပုံ - ရဲဇာနည်)
တိုက်ခိုက်ခံရတဲ့ ICRC ရိက္ခာတင်ယာဉ်တန်းပုံ (သတင်းဓာတ်ပုံ - ရဲဇာနည်)

တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာ လိုက်ပါလာသူတွေ အထိအခိုက် မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ကျူးလွန်တာလည်း ဆိုတာကို မသိရဘူးလို့လည်း ICRC ပြောခွင့်ရ ဦးဇော်ဝင်း က ပြောပါတယ်။

“ဘယ်အဖွဲ့က ပစ်တယ် မသိတော့ မသိဘူး။ ICRC ရဲ့ သဘောကလည်း လက်နက်ကိုင်ပဋိပက္ခကြားထဲမှာ လုပ်နေတဲ့ အဖွဲ့ပေါ့လေ။ အကူညီလိုတဲ့ လူတွေကို အကူညီပေးတဲ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတော့။ ဘယ်အဖွဲ့တွေ ဘာညာပစ်တယ်ဆိုတာလည်း ကျနော်တို့ ထုတ်ဖေါ်ပြောလေ့ မရှိပါဘူး။”

ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတင် ယာဉ်တန်း တိုက်ခိုက်ခံရမှုနဲ့ ပက်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေကို အတည်ပြုပြောဆိုရာမှာတော့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ကျောက်တော်ဘုရားကြီး လမ်းဆုံပေါ့။ ကျောက်ကျပ်ရွာနားလေးမှာ။ ICRC ယာဉ်တန်းကို AA အဖွဲ့က မိုင်းခွဲပြီးတော့ တိုက်ခိုက်သွားတာ ရှိတယ်။ လက်နက်ငယ်နဲ့လည်း ပစ်သွားတာရှိတယ်။ အဲဒီအထဲကတော့ ကား တစီး ရှေ့နေကာမှန်ကွဲတာ ရှိတယ်။ ဘေးမှာတော့ လက်နက်ငယ်ကျည်တွေ ထိတယ်။ ညမထွက်ရအမိန့်တွေ ထုတ်ထားတယ်ဆိုပေမဲ့ အဲဒီကုန်ကားတွေက မြို့ထဲကို သွားမယ်ဆို သွားတာပဲ။ အဲတာနဲ့ ပတ်သက်ပြီးတပ်ကတော့ နယ်မြေလုံခြုံရေးနဲ့ ကျနော်တို့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတာ ရှိပါတယ်ဗျ။”

တိုက်ခိုက်ခံရတဲ့နေရာဟာ ကျောက်တော် ကျောက်ကျပ်ဘက်ဆိုပေမဲ့ မြောက်ဦးဘက်အခြမ်းမှာ ရှိနေတာပါ။

မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်အစပ် ကျောက်ကျပ်နဲ့ တောင်ဦးကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တပတ်နီးပါး တိုက်ပွဲဖြစ်ပွားနေခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံခိုင်သုခကတော့ မြန်မာစစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ နယ်မြေမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

“သူက ၁၄၄ ထုတ်ထားတယ်လေ။ ဘယ်သူမှ သွားလို့မရဘူး။ သွားရင်လည်း ဗမာစစ်တပ်က ပစ်မှာပဲ။ အဲဒီနေရာမှာ ကျောက်ကျပ်တို့၊ ဝေသာလီတို့အနားမှာ ဗမာစစ်တပ်တွေ အဲဒီမနေ့ညတုန်းက သူတို့စစ်ကြောင်းတွေ အပြည့် ရှိတယ်။ တကယ်လို့ ပစ်ရင် အဲတာဗမာစစ်တပ်ပစ်တာပဲ ဖြစ်နိုင်တယ်။”

တချိန်တည်းမှာပဲ ကျောက်ကျပ်နဲ့ တောင်ဦးကျေးရွာအထက် တောင်တန်းပေါ်မှာ ဒီကနေ့လည်း ပစ်ခတ်တိုက်ခိုက်သံတွေ ကြားနေရတယ်လို့ တောင်ဦးရွာသားတွေက ပြောပါတယ်။

လုံခြုံရေးအခြေအနေအရ မြောက်ဦးမြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် နှစ်လ တိုးထုတ်ပြန်ခဲ့တာ သက်တမ်းကုန်ခြင်း မရှိသေးသလို ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ ဒီဇွန်လ ၉ ရက်နေ့မှာ ညမထွက်ရ အမိန့်ကို နောက် နှစ်လ တိုးပြီး ထုတ်ပြန်ထားပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကနေ ဒေသအတွင်း အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ ကန့်ကွက်မှု ဟန့်တားမှုတွေ မကြာခဏ တွေ့ကြုံနေရပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား စစ်ရေးတင်းမာနေမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ် ခြောက် မြို့နယ်မှာ စစ်ရှောင်ဦးရေ ၄၆,၀၀၀ ကျော် တိုးပွားလာနေသလို စားသောက်နေထိုင်ရေးမှာ အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း စစ်ရှောင်အရေးကူညီ ဆောင်ရွက်သူတွေက ပြောပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG