သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် စစ်ရှောင်စခန်းတွေမှာ ရာသီတုပ်ကွေး ကူးစက်ပျံ့နှံ့


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ဒုက္ခသည်တချို့နေထိုင်ရာ အထက်မြတ်လှဲ စစ်ရှောင်စခန်း။ (မှတ်တမ်းဓာတ်ပုံ)
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ဒုက္ခသည်တချို့နေထိုင်ရာ အထက်မြတ်လှဲ စစ်ရှောင်စခန်း။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကြား ရာသီတုပ်ကွေးရောဂါ ကူးစက်သူတွေ များနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်က မြတန်းဆောင်း၊ စညှင်း၊ ဝါတောင်၊ ကိုင်းကြီး၊ စင်းဘောကိုင်းနဲ့ ရက်ချောင်းစစ်ရှောင်စခန်းတွေမှာ ကလေးငယ်တွေ အပါအဝင် တုတ်ကွေးရောဂါကူးစက်သူ ၂၀၀ ကျော် ရှိနေတယ်လို့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ မြတန်းဆောင်းဆရာတော်က မိန့်ကြားပါတယ်။ ဒီအထဲမှာ ကလေးက တဝက်လောက်ပါတယ်လို့လည်း ဆရာတော် ဦးနန္ဒသာရက မိန့်ကြားပါတယ်။

“အသက်ဘယ်နှစ်နှစ်လောက်ဆိုတော့ ကလေးသေးသေးလေးကအစ ဖြစ်တယ်။ အသက်ကတော့ တစ်နှစ်ပတ်ဝန်းကျင် လသားအရွယ်လောက်ကနေပြီးတော့ ၁၈နှစ်အောက်ထိ အဲ့လို အရွယ်စုံပဲ ဖြစ်တယ်။ လူကြီးပါ၊ ကလေးပါ အကုန်လုံး ၂၀၈ ယောက်ဆိုရင် ကလေးအရေအတွက်က ၁၀၃ ယောက်လောက်ဖြစ်လိမ့်မယ်၊ ထက်ဝက်လောက်ရှိတယ်ဟုတ်တယ်။”

စစ်ရှောင်စခန်းမှာ နေစရာ အခက်အခဲနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အတွက် ကူးစက်မှုတွေ တိုးလာမှာကိုလည်း ဆရာတော်က စိုးရိမ်နေပါတယ်။ စစ်ရှောင်စခန်းမှာ နေထိုင်နေသူ တဦးဖြစ်တဲ့ ဦးဖြူထွန်းကလည်း တုပ်ကွေးရောဂါလက္ခဏာတွေ ခံစားနေရပေမဲ့ ကုသဖို့အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

“ဖျားတာက စတာပါ၊ တခြားလဏ္ခာက တစ်ကိုယ်လုံးက ထုံတယ်၊ ကျင်တယ်၊ ကိုက်တယ်။ ၁၀ ရက်လောက်ရှိသွားပြီ။ ဆရာမတွေက ဘာမှမပြောဘူး ဆေးပေးတယ်၊ ထိုးဆေးထိုးပြီးလွှတ်လိုက်တယ်။ ကျနော်တို့မှာ အခက်အခဲရှိပါတယ်။ ဆေးခန်းသွားမယ်ဆိုရင် ပိုက်ဆံတွေ ဘာတွေရှာပြီးသွားရတယ်။”

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတော့ စစ်ရှောင်စခန်းတွေမှာ တပတ်ကို ၂ ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီး ပြင်းထန်တဲ့ ရာသီတုတ်ကွေးရောဂါ ခံစားရတယ်ဆိုရင် ကျန်းမာရေးဌာနကို မဖြစ်မနေ သတင်းပို့ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ရာသီတုပ်ကွေး ဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ တိတိကျကျ အချက်အလက်မျိုးတော့ မရှိဘူးလို့လည်း လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းပိုင်ကပြောပါတယ်။

“ရာသီတုပ်ကွေးတို့ ဘာတို့လည်း ကျနော်တို့ report ယူပါတယ်။ ဒါပေမဲ့လည်း ခုဏ ပြင်းထန်တဲ့ ဆေးရုံးတက်စရာမလိုတဲ့ဟာမျိုးဆိုတော့ ကျနော်တို့လည်း ရုတ်တရက် မသိတော့ community ကဖြစ်ဖြစ်၊ မီဒီယာကဖြစ်ဖြစ် မေးတဲ့အခါမှ ကျနော်တို့ ပြန်ပြီးမှ သိရတာများတယ်။”

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂၀၀,၀၀၀ ကျော် ရှိနေတယ်လို့ ဒေသခံ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ မြန်မာနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလ မိုးရာသီကာလမှာ ရာသီတုတ်ကွေး ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်တဲ့အခါ အသက်ဆုံးပါးတဲ့အထိ ကြုံရလေ့ရှိတယ်လို့လည်း ပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG