သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း COVID-19 ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်


ရခိုင်ပြည်နယ် စစ်တွေမြို့။ (ဧပြီ ၀၂၊၂၀၁၄)
ရခိုင်ပြည်နယ် စစ်တွေမြို့။ (ဧပြီ ၀၂၊၂၀၁၄)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာတဲ့ ကုန်သည်တစ်ဦးမှာ COVID-19 ရောဂါပိုး ဓာတ်ခွဲစမ်းသပ် အဖြေတွေ့ထားတာကြောင့် ရခိုင်ပြည်နယ်တွင်း ရောဂါထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ကူပြီး ပြန်လာတဲ့ ကုန်သည် တစ်ဦး မှာ COVID-19 ရောဂါပိုးကူး စက်ခံထားရတယ်လို့ မနေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စစ်တွေကို သင်္ဘောနဲ့ ပြန်ရောက်လာတာဖြစ်ပြီး သူနဲ့အတူ ထိတွေ့ခဲ့သူတွေကို quarantine ထားရှိဖို့ လိုက်ရှာနေတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

"၂၁ရက်နေ့က သူက ဘင်္ဂလားကို ကုန်သွယ်သွားတဲ့ သင်္ဘောတစ်စင်းနဲ့ သူကလိုက်လာတယ်တဲ့လိုက်လာတဲ့ သင်္ဘောမှာ လူ ရှစ်ယောက်ပါတယ်။ ၂၁ ရက်နေ့မှာ သင်္ဘောကပ်တဲ့အချိန်မှာ သူက လှေနဲ့ ဆင်းပြီးတော့ သုံးဘီး ဆိုင်ကယ်နဲ့ ဟိုတယ်ကို သွားတယ်။ အဲမှာ quarantine ဝင်တယ်။ အဲတော့ လှေသမားနဲ့ သုံးဘီးမောင်းတဲ့ သူတွေကို တော့ ရှာနေတုန်းပါ။ သင်္ဘောပေါ်မှာ သူနဲ့အတူ ပါလာတဲ့ လူ ရှစ် ယောက်ကိုတော့ မနေ့ကပဲ quarantine ထားလိုက်တယ်။ ဟိုတယ်မှာလည်း သူနဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆရတဲ့ သုံး ယောက်ကို ဟိုတယ် quarantine ထားလိုက်တယ်။ နှာခေါင်းတို့ပတ်ယူပြီး ပို့ဖို့လုပ်နေတယ်။ လူနာကိုတော့ မနေ့ညကပဲ ဆေးရုံကို ပြောင်းထားပြီးပြီ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပါတယ်။"

ရောဂါပိုးကူးစက်ခံရသူဟာ မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့တာ မရှိဘူးလို့ ပြောပေမဲ့ ကျန်းမာရေး ဌာနအနေနဲ့ အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း COVID-19 ရောဂါပိုးကူးခံထားရသူတွေ အများအပြား ရှိနေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်နဲ့ စက်မှုလက်မှုအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

"ကျနော်တို့ သိရသလောက်ကတော မနေ့ကတည်းက နယ်စပ်ကုန်သွယ်ရေးကို ယာယီပိတ်ထားလိုက်တယ်လို့ သိထားပါတယ်။ လောလောဆယ်ကတော့ ပြန်ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာတော့ မသိသေးဘူး။ ဒါကတော့ အစိုးရလမ်းညွှန်ချက်နဲ့ ပိတ်ထားတာပါ။ အခြေအနေကောင်းသွားရင်တော့ ပြန်ဖွင့်မှာပါ။"

လက်ရှိ ရခိုင်ပြည်နယ်တွင်း ဓါတ်ခွဲနမူနာယူ စမ်းသပ်မှုတွေအရ COVID-19 ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးအထိ ရှိနေပြီး ဘူးသီးတောင်မြို့မှာ နှစ် ဦး မောင်တောမြို့နယ်မှာ ခြောက် ဦး တောင်ကုတ်နဲ့ သံတွဲမြို့နယ်မှာ နှစ် ဦးနဲ့ စစ်တွေမှာ တစ်ဦးဖြစ်ပြီး အများဆုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လာသူတွေဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်းမှာလည်း ရောဂါကူးစက်မှုတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ အဲဒီကနေ ထွက်ပြေးလာပြီး နယ်စပ်ဖြတ်ကျော်လာသူတွေကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ကယ်ဆယ်ရေးစခန်းတွေထဲကို ပို့ထားပါတယ်။ သူတို့ကို ဓါတ်ခွဲနမူနာယူစမ်းသပ်မှုအရ တချို့မှာ COVID-19 ရောဂါပိုး တွေ့ခဲ့ရပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်း လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်ကို ယာယီဆိုင်းငံထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသေးသလို စစ်ရှောင်ဒုက္ခဦးရေဟာလည်း ၁၀၀,၀၀၀ ကျော်အထိ ရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ လူဦးရေ များလာတာကြောင့် ဒုက္ခသည်တွေအနေနဲ့ ရောဂါပိုး ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီဒေသတွေ အင်တာနက်လိုင်းတွေဖြတ် တောက်ထားတာကြောင့် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ ပဋိပက္ခဒေသအတွင်း အရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်စရာတွေ ရှိတယ်လို့လည်း ကုလသမဂ္ဂက မှတ်ချက်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG