သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်နယ်စပ်ဖြတ် ရိုဟင်ဂျာ ၁၀၀ ထက်မနည်း ရှိနေ


ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ကနေ မြင်ရတဲ့ မြင်ကွင်း။ (မတ် ၃၁၊ ၂၀၁၈)
ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ကနေ မြင်ရတဲ့ မြင်ကွင်း။ (မတ် ၃၁၊ ၂၀၁၈)

[Zawgyi/Unicode]

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်ဖြတ်ပြီး တရားမဝင် ပြန်ဝင်လာကြတဲ့သူဦးရေ ၃ လ အတွင်းမှာ ၁၀၀ ကျော်ရှိနေပြီဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ ရှိတဲ့ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရအစီအစဉ်နဲ့ရော၊ ကိုယ့်သဘောဆန္ဒအလျောက် ပြန်ဝင်လာကြသူတွေကိုပါ မြန်မာနိုင်ငံက ပြန်ဝင်ခွင့်ကို ရပ်ဆိုင်းထားတာပါ။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်းမှာရော ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာပါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုတွေ ရှိလာတာကြောင့် စခန်းတွင်း စိုးရိမ်မှုတွေရှိပြီး စခန်းကနေ ထွက်ပြေးတာတွေ ရှိနေပါတယ်။ တချို့က ပင်လယ်လမ်းကြောင်းကနေ မလေးရှား၊ ထိုင်းဘက်ကို ပြေးသူရှိသလို၊ တချို့ကလည်း နယ်စပ်က မြန်မာဘက်ခြမ်း ပြန်ခိုးဝင်ကြပါတယ်။

လက်ရှိမှာ နယ်စပ်ဝင်ပေါက်တွေကနေတဆင့် တရားမဝင် ပြန်လည်ဝင်ရောက်လာကြသူတွေက ပိုများလာနေပြီးတော့၊ ၃ လအတွင်းမှာ ဖမ်းဆီးပြီး ကယ်ဆယ်ရေးစခန်းကို ပြန်ပို့ခဲ့သူ ၁၀၀ ကျော်လောက်ရှိသွားပြီလို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက ပြောပါတယ်။

“ဒီရောဂါဖြစ်နေတဲ့ ကာလအတွင်းထဲမှာတော့ ဒီ ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့လေ COVID - 19 ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ဒီ ၃ လလောက်အတွင်းထဲမှာ ဝင်လာတာ ကျနော် ခန့်မှန်းခြေ သိရသလောက်တော့ ၁၀၀ ဝန်းကျင်ရှိမှာပေါ့။”

ဒီလို နယ်စပ်ရဲ့ တရားမဝင် ဝင်ပေါက်တွေကနေ ဝင်လာသူတွေရှိရင် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနကို ချက်ချင်း အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ တရားမဝင် ဝင်လာသူတွေရှိတယ်လို့ သတင်းရရင် ချက်ချင်း သူတို့တွေအတွက် လုပ်ထားတဲ့ သီးသန့်စောင့်ကြည့်နေရာတွေကို အမြန်ဆုံးပို့တာတွေကို လုပ်ပေးတယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အရင်ကတည်းက ဒီလို တရားမဝင်ဝင်လာသူတွေနဲ့ ပတ်သက်လို့ အရေးယူမယ့် ဥပဒေရှိပြီးဖြစ်ပေမဲ့ ဒီဥပဒေနဲ့ အရေးယူဆောင်ရွက်တာတွေ မလုပ်ဘဲ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားပေးရမယ်ဆိုတာမျိုး ဒီစီမံမှုက မှားယွင်းတယ်လို့ သုံးသပ်ကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

“တရားမဝင်ဝင်လာတဲ့ သူတွေကို အရေးယူဖို့ ကြေညာချက် ထုတ်လိုက်ပြီးတော့မှ ကျနော်တို့ ဘာမှ မကြားရသေးဘူး။ ကိုဗစ်လူနာတွေ့တာတွေ ကြားပေမဲ့ အသံမကြားရသေးဘူး၊ အမှန်က လုပ်နည်းလုပ်ဟန်က မှားနေတယ်လို့ ကျနော် မြင်တယ်လေ။ ပထမက အရေးမယူဖို့ မစစ်ဆေးဖို့ဆိုပြီး လျှို့ဝှက်စာထုတ်တယ်၊ လျှို့ဝှက်စာထုတ်တော့ သက်ဆိုင်တဲ့ လဝကတို့ ဘာတို့က ဘာမှ လုပ်လို့မရတော့ဘူး။ အခုကျမှ ကမ္ဘာသိကြေညာလိုက်တယ်ဗျာ အဲ့လိုကြေညာလိုက်တော့ ဒီလို တရားမဝင် ဝင်လာသူတွေကို ဘယ်သူက ဖမ်းပေးမှာလဲ ရွာက လူတွေက။ ရောဂါပိုးရှိ၊ မရှိကတော့ ဒါတော့ မပြောလိုဘူး။ ဖမ်းပေးလို့ရှိရင်လည်း အဲ့ဒီက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း ဖမ်းပေးလို့ရှိရင် သူတို့ အသတ်ခံရမှာလည်း စိုးတယ်လေ။ အချင်းချင်းမုန်းတီးမှာလည်း စိုးတယ်၊ အမှန်က အဲ့လို့ ကြေညာချက်ထုတ်စရာမှ မလိုတာ။ နဂိုကတည်းက ဥပဒေရှိပြီးသားပဲ လဝက ဥပဒေ၊ အဲ့ဒါက ပြဿနာတက်တာပေါ့။”

တဘက် ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တချို့ နယ်စပ်ကနေ ခိုးဝင်နေတယ်ဆိုပြီး သတင်းတွေပြန့်ပြီး ဒေသတွင်းမှာတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်း ပြန်ဝင်လာကြသူတွေထဲ တချို့မှာ COVID-19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်တွေ့ရှိခဲ့တာမို့ ပြန်ဝင်လာသူတွေနဲ့အတူ ရောဂါပိုးတွေ ပါလာမှာကို စိုးရိမ်ကြတာပါ။ နယ်စပ်လမ်းကြောင်းကနေ ဝင်လာတဲ့အထိ ဖမ်းဆီးမိသူ ရှိသလို၊ လွတ်မြောက်နေသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။

မောင်တောမြို့နယ်မှာ COVID - 19 နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်တယ်ဆိုပေမဲ့ ဒီလို တရားဝင်ဝင်လာသူတွေရှိနေရင် ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့က မလွယ်ဘူးလို့ မောင်တောမြို့နယ်မှာ ကိုဗစ်အရေး ဆောင်ရွက်နေတဲ့ ဂရုဏာ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်က ဆိုပါတယ်။

“ကျနော်တို့ ပြည်သူတွေ စိုးရိမ်တာ တစ်ချက်က ဒီခိုးဝင်တွေက တော်တော်လေးများနေပါတယ်။ သူတို့က ခုမှ စာတစ်စောင်ထုတ်လာပါတယ်။ ခိုးဝင်တွေကို တရားစွဲမယ်၊ အရေးယူမယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က အရင်တုန်းက ဘယ်လိုနည်းနဲ့မဆို ဝင်လာရင် လက်ခံရမယ်ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ခု အဲ့ဒီစာ ထုတ်တာကလည်း နောက်ကျတော့ ဝင်နေဆဲလို့ပဲ ထင်ပါတယ်။ အဲ့ဒါနဲ့ တော်တော်လေး စိုးရိမ်နေကြပါတယ် ပြည်သူတွအများကတော့။ မောင်တောမြို့နယ်ခံတွေကလည်း အကုန်လုံးသိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ ကူးစက်တာတွေကို အကုန်လုံး နားလည်တယ်၊ သဘောပေါက်တယ်။ ဒါပေမဲ့ အခု ဒုက္ခဖြစ်နေတာက အဲ့ဒီခိုးဝင်တွေနဲ့ ပြဿနာဖြစ်နေတော့ ကျနော်တို့ ဘယ်လောက်လုပ်လုပ် သဲထဲရေသွန်သလိုပဲ ဖြစ်နေတာပါ။”

လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်စခန်းတွေမှာ မေလလယ်နောက်ပိုင်း ကိုဗစ်ရောဂါပိုး စစ်ဆေးသူ အရေအတွက်က ၃၀၀ ကျော်ပဲ ရှိပြီးတော့ အဲ့ဒီထဲက ၂၉ ဦးမှာ ပိုးတွေ့ထားပါတယ်။ အဲ့ဒီ ဒုက္ခသည် စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦးလည်း သေဆုံးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ဒီလို နယ်စပ်ဖြတ်တရားမဝင် ဝင်ရောက်လာသူတွေထဲက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ၅ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိရပြီးဖြစ်ပါတယ်။

အခု ဇွန်လ ၁၅ ရက်နေ့အထိ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID 19 ရောဂါပိုး တွေရှိရသူ အရေအတွက်က ၉၀,၀၀၀ ကျော် ရှိနေပါတယ်။ ဒီနေ့ တစ်ရက်ထဲမှာပဲ ရောဂါပိုးတွေ့ရှိရသူအသစ်က ၃,၀၀၀ ကျော် ရှိခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG