သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ကြောင့် ဒေသခံထောင်ဂဏန်း ထပ်မံထွက်ပြေးကြရ


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသော ရခိုင်စစ်ရှောင် ဒုက္ခသည်များ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသော ရခိုင်စစ်ရှောင် ဒုက္ခသည်များ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)

[Zawgyi/Unicode]

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဒီရက်ပိုင်းအတွင်း ထပ်မံထွက်ပြေးလာနေကြရတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေနဲ့အတူ နောက်ထပ်ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောဆိုခဲ့ကြတာပါ။ ရသေ့တောင်မြို့နယ်မှာ ဆိုရင်လည်း ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မယူမြစ်ကမ်းတလျှောက်က ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးခဲ့ရတဲ့အကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ရသေ့တောင်မြို့နယ် မေယုမြစ်အရှေ့ဘက်ကမ်းရော အနောက်ဘက်ကမ်းရော လက်နက်ကြီး၊ လက်နက်ငယ်တွေကျတော့ ရွာသားတွေ ထွက်ပြေးကြတယ်။ တချို့ကျေးရွာတွေမှာဒဏ်ရာရကြတယ်။ အများဆုံးထွက်ပြေးရတာက ရသေ့တောင်မြို့နယ်ထဲမှာ ဆိုလို့ရှိရင် မေယုမြစ် အနောက်ဘက်ကမ်းဒေသ ရွာ ၅ ရွာ၊ ၆ရွာလောက် ထွက်ပြေးနေတာရှိတယ် မနေ့ပေါ့။ ဒီနေ့မှာလည်း အဲဘက်မှာ စစ်ကြောင်းတက်လာတော့ ကျန်တဲ့ သူတွေ အကုန်လုံးပြေးကြရတယ်။ အကုန်လုံးဆိုရင် လူဦးရေ ၂,၀၀၀ လောက်ရှိမယ်။"

လက်ရှိအချိန်မှာ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့ပေါ်မှာ ခိုလှုံနေကြရတဲ့ စစ်ရှောင်ဦးရေဟာလည်း ၃၀,၀၀၀ နီးပါးရှိလာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေပါ ကြုံနေရတယ်လို့လည်း ဦးခင်မောင်လတ်က ပြောပါတယ်။

"နေရာကတော်တေ်ာခက်ခဲ့တယ် အရင်ရှိတဲ့သူတွေကိုတောင် ကာဗာမပေးနိုင်ဘူး။ ရသေ့တောင်မှာ အစိုးရဆီကို မြေနေရာလျှောက်တယ်။ အစိုးရကလည်း ချမပေးဘူး၊ အဲတာနောက်ဆုံးမြေပေါ့။ အဲတော့ တချို့က တခြား ကျေးရွာတွေကို ပြေးမယ်။ နောက်စစ်တွေဘက်ကို ရောက်မယ့် အလားအလာလည်း ရှိနေတယ်။"

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွားထွက်ပြေးလာကြရ တဲ့ စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ကျာ်အထိ ရှိနေပြီး အဲဒီက ၆၀ ရာခိုင်နှုန်းဟာ ကလေးတွေနဲ့ ၁၈နှစ်အောက် တွေဖြစ် တယ်လို့ စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး RECက ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေကြောင့် ရသေ့တောင် ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တွေက ဒေသခံတွေဟာ စစ်တွေမြို့ပေါ်အထိ ထွက်ပြေးလာနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မဖြူဖြူသန်းက ပြောပါတယ်။

"ပလက်ဝမြို့နယ်ကတော့ ၇ လပိုင်း ၂၆ ရက်နေ့ကတည်းကပေါ့နော်။ ပလက်ဝမြို့နယ် နမဒါရယ် ပြိုင်းရကိုင်းရယ် အဲဒီမြို့နယ်တွေက ရောက်လာတယ်လေ၊ နောက်ပြီးတော့ ကျောက်တော်မြို့နယ် ပြိုင်းတိုင်းရယ်၊ ရသေ့တောင်မြို့နယ် ထီးစွဲရယ် အဲဒီရွာတွေက ရောက်လို့ရှိတယ်။ လူဦးကတော့ ၉၀ ကျော်လောက်ရှိတယ် အိမ်ထောင်စုကတော့ ၂၆ စုပေါ့။"

လက်ရှိအချိန်မှာ စစ်တွေမြို့ပေါ်မှာ စစ်ရှောင်စခန်း ၃၀ ကျော်အထိရှိနေပြီး စစ်ရှောင်ဦးရေ နှစ်ထောင်ကျော် အထိ ရှိနေပါတယ်။ မကြာသေးခင်လတွေက တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ် နမဒါကျေးရွာကထွက်ပြေးလာတဲ့ ဒေါ်မစောယိုင်းကတော့ စားဝတ်နေရေး အခက်အခဲတွေကြောင့် စစ်တွေမြို့အထိ ဆက်လက်တိမ်းရှောင်လာခဲ့ရတယ်လို့ ပြောပါတယ်။

"ပီချောင်းဘက်မှာ ကျမတို့ နေ့စားအလုပ်လုပ်ပြီးတော့ တစ်လ၊ နှစ်လလောက်နေခဲ့ကြတယ်။ အဲဒီမှာ စားဝတ်နေရေးအဆင်မပြေတော့ ကျောက်တော်ကနေ ဒီစစ်တွေကို ထပ်ပြေးလာကြတာ။ စစ်တွေကို ရောက်တာက နှစ်ပတ် ကျော်လောက်ရှိသေးတယ်။ ဒီမှာလည်းစားဝတ်နေရေး အဆင်မပြေဘူး။ အခုလောလောဆယ်မှာတော့ တာဝန်ခံတွေက ချက်ကျွေးတာတွေကို စားနေရတာပေါ့နော်။"

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သာမက မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပေမဲ့ အခုအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်းလည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း မကြာသေးခင်ကပဲ သတိပေးထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG