သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးကျည်ကြောင် အမ်းဒေသခံရွာသား ၅ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ရခိုင်စစ်ရှောင်များ။ (ဓာတ်ပုံ - Khine Murn Chun (Citizen Journalist)
ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသောစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ရခိုင်စစ်ရှောင်များ။ (ဓာတ်ပုံ - Khine Murn Chun (Citizen Journalist)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲအတွင်း ဒေသခံရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

အမ်းမြို့နယ် ကဇူးကိုင်အုပ်စု သဲကမ်းထောင့်ကျေးရွာအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့လို့ ရွာသား ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့က ကိုမျိုးလွင်က ပြောပါတယ်။ အမျိုးသမီး တစ် ဦး အပါအဝင် လူ လေး ဦးကိုတော့ နီးစပ်ရာ ကမ်းထောင်းကြီး ဆေးရုံကို ပို့သပေးခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

“မနေ့က ၁၀ နာရီကျော်လောက်မှာဖြစ်တာ။ ကဇူးကိုင်းကျေးရွာအနီးမှာလေ။ တပ်မတော်ကနေ တပ်စခန်းချထားတယ်။ အဲဒီရွာထောင်ကြီးထိပ်ကနေ လှမ်းပြီးပစ်တာ။ အဲဒါတိုက်ပွဲဖြစ်တာ မဟုတ်ဘူး မနေ့က။ သဲကမ်းထောင့် ကျေးရွာပေါ့။ ရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး ဒဏ်ရာရသွားကြတာ။ လေး ဦးက ဒဏ်ရာအနည်းငယ်ပြင်းထန်တယ်။ ကမ်းထောင်းကြီးဆေးရုံကို ရောက်သွားပြီ။ နောက်တယောက်ကတော့ ခြေသလုံးမှာ အနည်းငယ်ထိခိုက်တယ်ပေါ့။ အားလုံးကတော့ လူ ငါး ယောက်ဒဏ်ရာရတယ်ပေါ့။”

အမ်းမြို့နယ်မှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသွားတချို့ဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ ကိုမျိုးလွင်ကပြောပါတယ်။

“ရွာသားတွေကတော့ ကြောက်ပြီး ထွက်ပြေးကြတာရှိတယ်။ အခုဆိုရင်သူတို့ ရွာမှာ ၄၀ ရာခိုင်နှုန်းပဲ ရှိတော့ပြီး။ ၆၀ ရခိုင်နှုန်းက ထွက်ပြေးသွားကြပြီး နီးစပ်ရာတွေကို။”

ပြီးခဲ့တဲ့လကနေ ဒီလအထိ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာမှုဖြစ်စဉ်ကြောင့်အမ်းမြို့နယ် ကဇူးကိုင်အုပ်စု ရွာ ၈ ရွာက ရွာသား ၁,၀၀၀ ကျော်ဟာ ရပ်ရွာကနေတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အမ်းမြို့နယ် ကဇူးကိုင်အုပ်စုဖက် ပစ်ခတ်မှုအခြေအနေကို မသိရှိသေးကြောင်း ပြောပါတယ်။

မနေ့က ကျောက်တော်မြို့နယ် ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ ခမရ ၃၇၆ တပ် စခန်းကို AA ရခိုင်လက်နက်ကိုင် အဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“၂၆ ရက်နေ့မနက်ပိုင်းကဖြစ်တာ။ မနက် ၁ နာရီဝန်းကျင်လောက်မှာဖြစ်တာ။ တပ်ရင်းဌာနချုပ်တခုကို ပစ်ခတ်တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ အဆောက်အဦးတချို့တော့ အနည်းငယ်ထိခိုက်မှု ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရခိုင်သုခကလည်း ဒေါင်းတောင်ယိုးကျေးရွာဘက်တိုက်ပွဲဖြစ်ပွါးကြောင်း အတည်ပြုပြောပါတယ်။

“ကျောက်တော်မြို့နယ် ဒေါင်းတောင်ယိုးတဝိုက်မှာ ထိတွေ့တိုက်ခိုက်မှုတွေဖြစ်တာ ရှိတယ်။”

ပြီးခဲ့တဲ့ စနေနေ့မှာတုန်းကလည်း မင်းပြားမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးကြောင်း ခိုင်သုခကဆက်ပြောပါတယ်။

“ဇူလိုင်လ ၂၅ ရက်နေ့မှာ မင်းပြားမြို့နယ်ခွဆုံရွာနဲ့ မင်းရွာအကြားပေါ့နော်။ ရန်ကုန်စစ်တွေကားလမ်းထက်မှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကျနော်တို့ ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရန်သူဘက်က အနည်းဆုံး ၁၀ ဦးထက်မနည်းကျဆုံးတာရှိတယ်။”

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မင်းပြားမြို့နယ်တိုက်ပွဲမှာ တပ်မတော်ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“မင်းပြားဘက်မှာ ရာမောင်တံတားနားလေးမှာပဲ ကျနော်တို့ ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။”

ဒီနေ့မှာလည်း ဘူးသီးတောင်မြို့နယ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွါးမှု ရှိနေပေမဲ့ အသေးစိပ်ကို မသိရသေးဘူးလို့ AA အဖွဲ့ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်ပြီးဖြစ်သလို တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားတွေထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရမှုတွေကလည်း မြင့်တက်လာနေပါတယ်။

ဒါ့အပြင် COVID-19 ကူးစက်ရောဂါဖြစ်ပွါးနေဆဲကာလမှာ လက်နက်ကိုင်ပဋိပက္ခတွေလျှော့ချဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကနေ တိုက်တွန်းမှုတွေ ရှိနေပေမဲ့ ရခိုင်ဒေသအတွင်းမှာတော့ စစ်ရေးတင်းမာနေဆဲအခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




















XS
SM
MD
LG