သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ဆင်ရေးကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု တိုးလာမှာ လှုပ်ရှားသူတွေ စိုးရိမ်


တိုက်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးရပြီး စေတီဝန်းထဲတွင် ခိုလှုံနေရသည့် မြို တိုင်းရင်းသားတချို့။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
တိုက်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးရပြီး စေတီဝန်းထဲတွင် ခိုလှုံနေရသည့် မြို တိုင်းရင်းသားတချို့။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့အပေါ် စစ်ဆင်ရေးလုပ်နေတဲ့အကြောင်း တပ်မတော်က ကြေညာလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။

Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson
Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson

ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ထဲမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို နှိမ်နင်းမယ့် စစ်ဆင်ရေးတွေ ဆင်နွှဲနေကြောင်း တပ်မတော်က မနေ့တုန်းကပဲ ကြေညာလိုက်တဲ့အတွက် နောက်ဆက်တွဲ လူ့အခွင့်အရေး ပြဿနာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်လာတာပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ AA အဖွဲ့က ဒေသတွင်းမှာ အခြေစိုက်ပြီး အကြမ်းဖက်လှုပ်ရှားနေတာတွေကို ရှင်းလင်းဖို့ ရည်ရွယ်ချက်နဲ့ စစ်ဆင်ရေးတွေလုပ်နေကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ ဒီပြောဆိုချက်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

"ရခိုင်ပြည်နယ်က အရပ်သားတွေအပေါ် မြေလှန်စနစ်ကျင့်သုံးဖို့ ဆင်ခြေပေးနေတာတွေကို မြန်မာအစိုးရကလည်း အကာအကွယ်ပေးဖို့ ကြိုးစားနေတာက ပြဿနာပါ။ ဒါဟာလက်ခံနိုင်စရာလည်း မဟုတ်ပါဘူး။"

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ AA အဖွဲ့က ပိတ်ဆို့ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ရှင်းလင်းဖို့၊ အရပ်သားတွေကို ကယ်တင်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတွေ အဖြစ်နဲ့လည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း စစ်ဆင်ရေးတွေကြောင့် အရပ်သားတွေ လုံခြုံမှုမရပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့သာ နောက်ဆက်တွဲ ကြုံရမှာကို စိုးရိမ်ကြောင်း ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ရခိုင်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု နဂိုကတည်းက ရှိထားပြီးသားပါ။ အခုလိုအခြေအနေမျိုးမှာ ထိုးစစ်ဆင်မယ်ဆိုတဲ့ကိစ္စကို ကြည့်တဲ့အခါမှာ နောက်ထပ် စစ်ပွဲဆိုင်ရာ၊ ပဋိပက္ခဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံပြီး ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ စိုးရိမ်မိပါတယ်။"

ရသေ့တောင်မြို့နယ်မှာ တပ်မတော်က စစ်ဆင်ရေးတွေ လုပ်မှာ ဖြစ်တာကြောင့် ဒေသခံကျေးရွာက အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ မကြာသေးခင်က ရခိုင်အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ရာမှာ ပြည်တွင်းပြည်ပက စိုးရိမ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ညွှန်ကြားချက်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် လူ့အခွင့်အရေး ပြဿနာတွေဟာ လတ်တလော ICJ နိုင်ငံတကာ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိုပြီးအာရုံစိုက်လာလိမ့်မယ်လို့လည်း HRW အဖွဲ့က Phil Robertson ကပြောပါတယ်။

"ပကတိအခြေအနေမှာ ရခိုင်ပြည်နယ်က အရပ်သားတွေအပေါ် ကျုးလွန်တဲ့လုပ်ရပ်တွေကို နိုင်ငံတကာက အာရုံစိုက်လာမယ် ဆိုတာကတော့ သေချာပါတယ်။ အခုအချိန်မှာ အခြေအနေကို အင်မတန်မှ နီးနီးကပ်ကပ် စောင့်ကြည့်နေကြပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ တာဝန်ခံမှုရှိအောင် တောင်းဆိုမှုတွေလည်း ဆက်ရှိနေမယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူး။ "

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသလို အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေအပေါ်မှာလည်း နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အာရုံစိုက်နေကြတာပါ။ ဒီလိုအခြေအနေမှာ စစ်ဆင်ရေးတွေနဲ့အတူ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ နိုင်ငံတကာ အာရုံစိုက်မှုတွေ ပိုအားကောင်းလာနိုင်တယ်လို့လည်း ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

"နဂိုကတည်းက ရှိပြီးသားနိုင်ငံတကာရဲ့ အာရုံစိုက်မှုက၊ အခု ထိုးစစ်ဆင်မယ်ဆိုတဲ့ အတွက်ကြောင့်မို့ ဒီအထဲမှာ တခုခုသာထပ်ပြီးတော့ မှားယွင်းမှုဖြစ်လာရင် ပိုပြီးတော့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုက ပိုပြီးကြီးထွားလာပါလိမ့်မယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ်ဖြစ်တဲ့ Thomas Andrews ကလည်း ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့အပေါ် စိုးရိမ်ကြောင်း ဒီသီတင်းပတ်ထဲမှာပဲ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ တိုးလာတာနဲ့အမျှ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စာနာမှုအကူအညီပေးရေးဆိုင်ရာ အကျပ်အတည်းတွေ ကြုံရမှာကို စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ မကြာသေးခင်ကပဲ ပြောဆိုထားကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG